တူရကီ၌ ကိုဗစ် - ၁၉ ကူးစက်မှုကျဆင်းလာသည့် အရိပ်အယောင်တွေ့ရသော်လည်း ဆော်ဒီအာရေဗျတွင် ဆက်လက်မြင့်တက်

ကိုင်ရို ၂၃ မေ

 


တူရကီနိုင်ငံတွင် မေ ၂၁ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၉၆၁ ဦးတွေ့ရှိရပြီး ကူးစက်ခံရမှုနှုန်း လျော့ကျလာသည့် အရိပ်အယောင်များ တွေ့လာရသော်လည်း ဆော်ဒီအာရေဗျတွင် ကိုဗစ် - ၁၉ နေ့စဉ်ကူးစက်ခံရမှုနှုန်းမှာ ဒေသတွင်းတွင် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ တူရကီနိုင်ငံတွင် ကိုဗစ် - ၁၉ နေ့စဉ်ကူးစက်ခံရမှု နှုန်းမှာ ၁၀၀၀ အောက်သို့ ဒုတိယမြောက်နေ့အဖြစ် ကျဆင်းလာခြင်း ဖြစ်သည်။


မေ ၂၀ ရက်ကလည်း တူရကီနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူ ၉၇၂ ဦးရှိခဲ့သည်။ ထို့ကြောင့် တူရကီ တွင် ကိုဗစ် -၁၉ ကူးစက်ခံရသူအရေ အတွက်မှာ မေ ၂၂ ရက်တွင် ၁၅၃၄၅၈ ဦးအထိ ရှိလာခဲ့သည်။ နောက်ထပ် ၂၇ ဦး ထပ်မံသေဆုံးခဲ့သည့်အတွက် သေဆုံးသူဦးရေမှာ ၄၂၄၉ ဦးအထိ ရှိလာခဲ့သည်ဟု တူရကီကျန်းမာရေး ဝန်ကြီး ဖာဟီတန်ကိုကာက ပြောသည်။ တူရကီနိုင်ငံအတွင်း ကိုဗစ် -၁၉ ကူးစက်ရောဂါကို အပြီးတိုင်နှိမ်နင်းပြီးပါက တရုတ်ခရီးသွားများ နိုင်ငံအတွင်း လာရောက်လည်ပတ်ရေးကို ဆွဲဆောင်သွားရန်ု တူရကီခရီးသွား ကဏ္ဍက မျှော်လင့်ထားသည်။


တရုတ်နိုင်ငံသည် ဈေးကွက်ကြီးဖြစ်ပြီး တူရကီနိုင်ငံအတွင်းလာရောက် လည်ပတ်ကြရန် မျှော်လင့်ထားသည်ဟု တူရကီခရီးသွား အေဂျင်စီအဖွဲ့ ခေါင်းဆောင်က ပြောကြားသည်။


ဆော်ဒီအာရေဗျနိုင်ငံသည် အရှေ့ အလယ်ပိုင်းဒေသတွင် နေ့စဉ် ကူးစက်မှုအမြင့်ဆုံးဖြစ်ပြီး မေ ၂၁ ရက် တစ်နေ့တည်းတွင်ပင် ကူးစက်ခံရသူ ၂၅၃၂ ဦးတွေ့ရှိသည်။


ထို့ကြောင့် ဆော်ဒီနိုင်ငံတွင် စုစုပေါင်းကူးစက်ခံရသူ ၆၅၀၇၇ ဦး အထိရှိလာသည်။ နောက်ထပ် ၁၂ ဦး မှာ ကိုဗစ် - ၁၉ ကြောင့် သေဆုံးခဲ့သည့်အတွက် စုစုပေါင်းသေဆုံးသူ ၃၅၁ ဦး ရှိသည်။
နောက်ထပ်ပြန်လည် ကျန်းမာလာသူ ၂၅၆၂ ဦး ရှိသည့်အတွက် ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၃၆၀၄၀ အထိ ရှိလာခဲ့သည်။

 

ဆင်ဟွာ