တူကီယဲနိုင်ငံ၌ နိုက်ကလပ်မီးလောင်မှုဖြစ်ပွားသဖြင့် ၂၉ ဦး သေဆုံး

ဧပြီ ၃

တူကီယဲနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်တွင်ပြုပြင်မွမ်းမံမှုလုပ်ဆောင်နေသည့် နိုက်ကလပ်တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ၂၉ ဦး သေဆုံးခဲ့သည်။ ထိုမီးလောင်မှုသည် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ရာ ဆေးရုံတွင်ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ကားများနှင့် လူနာတင်ယာဉ်များရောက်ရှိလာကြောင်းနှင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ပြုပြင်မွမ်းမံမှု လုပ်ဆောင်နေသူများ ဖြစ်ကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းကို ကျွမ်းကျင်ပညာရှင်အဖွဲ့က စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေကြောင်း တရားရေးဝန်ကြီးကပြောကြားသည်။ ပြုပြင်မွမ်းမံမှုလုပ်ဆောင်သူတာဝန်ခံတစ်ဦးအပါအဝင် ငါးဦးအား ဖမ်းဆီးထိန်းသိမ်းထားရန် အာဏာပိုင်များက စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို