တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ

၁၄ စက်တင်ဘာ


အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာ အလွန်မပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အသောက်ပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ လူကို ဒုက္ခပေးလွန်းတဲ့ ရောဂါတွေထဲက တစ်မျိုးပါပဲ။ အထူးသဖြင့် ဒီလို မိုးတွင်းနဲ့ ဆောင်းတွင်းလို ကာလမျိုးတွေမှာ အအေးမိတုပ်ကွေးဖြစ်တဲ့ လူဦးရေဟာ သာမန်အချိန်ထက် ပိုများနေတတ်ပါတယ်။ လက်ကို သေချာမဆေးမိတာကြောင့်၊ လူသူ ထူထပ်တဲ့ နေရာတွေကို သွားနေရတာကြောင့်၊ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါကို အသုံးမပြုတာကြောင့် အစရှိသဖြင့် အအေးမိတုပ်ကွေးရောဂါပိုးဟာ လူတစ်ဦးကနေတစ်ဆင့် ကူးစက်ပါတယ်။


အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အိမ်မှာပဲ သေချာအနားယူတာ အကောင်းဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ လူက ဖျားပြီး မောပန်းနေမယ့်အပြင် ခံတွင်းပျက်လို့ အစာအာဟာရကို သေချာပြည့်ဝစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ အာဟာရရှိမှ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကို ကာကွယ်ခုခံပေးနိုင်မှာပါ။ ဒါကြောင့် နာလန်ပြန်မထူခင်အချိန်အထိ ပုံမှန်စားနေကျအစာတွေကို ခဏရှောင်ထားပြီး ရောဂါအမြန်ပျောက်ကင်းဖို့နဲ့ ဝေဒနာ သက်သာဖို့အတွက် ဘယ်လိုအာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို စားပေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။


ကြက်စွပ်ပြုတ်


စွပ်ပြုတ်ဟာ တုပ်ကွေးရောဂါအတွက် အကောင်းဆုံး ဆေးစာတွေထဲက တစ်မျိုးပါ။ ကြက်စွပ်ပြုတ်အပြင် အမဲစွပ်ပြုတ်၊ သက်သက်လွတ် ဟင်းသီးဟင်းရွက် စွပ်ပြုတ်တွေလည်း စားပေးလို့ရပါတယ်။ ဗီတာမင်၊ အာဟာရဓာတ်၊ ကယ်လိုရီနဲ့ ပရိုတင်းဓာတ်တွေ အများအပြားပါဝင်လို့ ဖျားနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံး အစားအစာလည်း ဖြစ်ပါတယ်။ ချွေးထွက်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်တယ်။ နှာစေး၊ နှာပိတ်၊ ချောင်းဆိုးတာ စတဲ့ ရောဂါလက္ခဏာကိုလည်း သက်သာစေပါတယ်။


ဂျင်း


ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင်ပါဝင်တဲ့ ဂျင်းဟာ တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်တဲ့ ဆေးစာတွေထဲက တစ်မျိုးပါပဲ။ ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာစေတဲ့အပြင် ဝေဒနာတွေကို သက်သာစေလို့ ရောဂါမြန်မြန်ပျောက်စေပါတယ်။ ဂျင်းကို အစိမ်းအတိုင်း စားလည်း အဆင်ပြေသလို စွပ်ပြုတ်ထဲ ထည့်ပြီးလည်း စားလို့ရပါတယ်။ တုပ်ကွေးရောဂါလက္ခဏာ စပြီးဖြစ်လာတာနဲ့ ဂျင်းကို စားပေးသင့်ပါတယ်။


ဒိန်ချဉ်


ဒိန်ချဉ်ဟာ လည်ချောင်းနာဝေဒနာကို သက်သာစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးလို့ တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်ပါတယ်။ ကယ်လိုရီနဲ့ ပရိုတင်းဓာတ်တွေအပြင် ခန္ဓာကိုယ်အတွက်လိုအပ်မယ့် ကယ်လ်စီယမ်နဲ့ ဗီတာမင်တွေပါ ပါဝင်ပါတယ်။ တုပ်ကွေးဖြစ်နေစဉ်နဲ့ လည်ချောင်းနာနေတဲ့အချိန်မှာ သကြားမပါဝင်တဲ့ ဒိန်ချဉ်ကို စားပေးနိုင်ပါတယ်။


သစ်သီးဝလံ


ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဗီတာမင်၊ အာဟာရဓာတ်နဲ့ အမျှင်ဓာတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ဖျားနာနေစဉ်မှာ သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။ စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊ သလဲသီး၊ ထောပတ်သီး၊ ငှက်ပျောသီးအပြင် တခြားသော သစ်သီးဝလံတွေကို များများစားပေးပါ။ အသီးကို ရေနဲ့ သေချာဆေးပြီး ဒီအတိုင်းစားလို့ ရသလို ဒိန်ချဉ်နဲ့တွဲစားတာဖြစ်စေ၊ ကြိတ်ထားတဲ့ သစ်သီးဖျော်ရည်အနေနဲ့ သောက်တာဖြစ်စေ စားသုံးပေးနိုင်ပါတယ်။


ဟင်းသီးဟင်းရွက်


ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ဓာတ်၊ အာဟာရဓာတ်၊ အမျှင်ဓာတ်နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေနိုင်တဲ့ အာနိသင်တွေပါဝင်တာကြောင့် မဖျားခင်ရော၊ ဖျားနေစဉ်မှာပါ စားပေးလို့ရပါတယ်။ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဆလပ်ရွက်၊ ကိုက်လန်ရွက်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီထုပ်အပြင် တခြားသော ဟင်းသီးဟင်းရွက်တွေကို တုပ်ကွေးဖျားနာဖြစ်နေတဲ့အချိန်မှာ ပိုပြီးစားပေးသင့်ပါတယ်။ ဝါးစားရလွယ်ကူပြီး အစာကို ကျေစေတယ်။ ကြိတ်ပြီး အရွက်ဖျော်ရည်နဲ့ သောက်သုံးနိုင်သလို အလွယ်တကူ သံလွင်ဆီနဲ့ သံပုရာသီးညှစ်ပြီးတော့လည်း အသုပ်ပုံစံမျိုး စားပေးလို့ရပါတယ်။


ပျားရည်


ပျားရည်မှာ ဘက်တီးရီးယားပိုမွှားတွေကို သေစေတဲ့ အာနိသင်ပါဝင်လို့ အနာကျက်မြန်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ တုပ်ကွေးလက္ခဏာဖြစ်တဲ့ လည်ချောင်းနာတာကို သက်သာစေတယ်။ ပျားရည်အနည်းငယ်ကို နွားနို့၊ ရေ၊ ရေနွေးကြမ်းတို့နဲ့ ရောပြီး သောက်သုံးပေးနိုင်ပါတယ်။ အသက် ၁၂လနဲ့အောက် ကလေးငယ်တွေကိုတော့ ပျားရည်တိုက်လို့ မရပါဘူး။


ရေနွေးကြမ်း


တုပ်ကွေးကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ ဆေးစာထဲမှာ ရေနွေးကြမ်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖျားနေတဲ့အချိန်မှာ ချွေးတွေထွက်ပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်သလို ရေနွေးကြမ်းကို မပူမအေး နွေးနွေးလေး သောက်ပေးရင်လည်း နှာစေး၊ နှာပိတ်ဝေဒနာကို သက်သာစေပါတယ်။


ဆော်လ်မွန်ငါး


ဖျားနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအစာပါပဲ။ နူးညံ့တဲ့အသားနဲ့ ဝါးစားလို့လည်း လွယ်ကူတဲ့အပြင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အများအပြားပါဝင်တာကြောင့် ဆော်လ်မွန်ငါးကို တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်ပါတယ်။


အရည်များများသောက်ပါ။


တုပ်ကွေးဖြစ်နေစဉ်မှာ ခန္ဓာကိုယ်ကို ရေဓာတ်မခမ်းခြောက်သွားဖို့အတွက် အရည်များများသောက်ပေးဖို့ အရေးကြီးပါတယ်။ ရေ၊ စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ ပျားရည်၊ ရေနွေးကြမ်းနဲ့ သစ်သီးဖျော်ရည်တွေဟာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်တဲ့အပြင် ရောဂါဝေဒနာတွေကို အမြန်သက်သာစေလို့ ဖျားနေစဉ်အချိန်အတွင်းမှာ များများသောက်ပေးဖို့ လိုအပ်ပါတယ်။


ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်လဲ။


အရက်၊ ကဖင်းဓာတ်ပါဝင်တဲ့ ဖျော်ရည်၊ အမာစာနဲ့ အသင့်စား အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အရက်ဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတဲ့အပြင် ရေဓာတ်ကို ခမ်းခြောက်စေတယ်။ ကော်ဖီ၊ ဆိုဒါလိုမျိုး ကဖင်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေဟာ သကြားပါဝင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ကုန်ဆုံးစေလို့ ဖျားနေစဉ်မှာ ရှောင်ကြဉ်ရပါမယ်။ ဘီစကွကွတ်၊ အာလူးကြော်လိုမျိုး အမာစာတွေကို လည်ချောင်းနာနေချိန်၊ ချောင်းဆိုးနေချိန်မှာ မစားသင့်ပါဘူး။ ဖျားနေစဉ်မှာ ခန္ဓာကိုယ်က ရောဂါပိုးတွေကို တိုက်ထုတ်ဖို့အတွက် အာဟာရဓာတ်တွေကို လိုအပ်နေမှာ ဖြစ်လို့ အသင့်စား အစားအစာမျိုးတွေကို တုပ်ကွေးဖြစ်နေစဉ်အတွင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။


တုပ်ကွေးဟာ တစ်ပတ်ကနေ ၂ပတ်အထိ ကြာနိုင်တဲ့အတွက် ရောဂါဖြစ်နေတဲ့အချိန်မှာ အာဟာရဖြစ်စေမယ့် အစားအစာတွေကို စားသုံးပေးဖို့နဲ့ ခန္ဓာကိုယ်တွင်း ရေဓာတ်လုံလောက်မှုဟာ အလွန်အရေးကြီးပါတယ်။ ရောဂါလက္ခဏာ သက်သာပျောက်ကင်းလာပြီဆိုမှ ကိုယ်ပုံမှန်စားနေကျ အစားအစာတွေကို ပြန်စားပေးတာ အကောင်းဆုံးပါပဲ။


ရေးသားသူ - Ye Myo Myat


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်