တုပ်ကွေးဆန်သော အဖျားရောဂါကာကွယ်ရန် တံတားဦးလေဆိပ်တွင် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများတိုးမြှင့်

မန္တလေး ၁၀ ဇန်နဝါရီ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် ဓာတ်ခွဲအတည် မပြုရသေးသည့် တုပ်ကွေးဆန်သော နမိုးနီယားဗိုင်းရပ်(စ်)ရောဂါ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သာမိုစကရင် နှစ်လုံးတပ်ဆင်၍ စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၆ ရက်က တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

 

မန္တလေးတံတားဦးလေဆိပ်ကို တရုတ်နိုင်ငံကလေကြောင်းလိုင်းတွေ အများဆုံး ဆိုက်ရောက်ကြတယ်။ အခုရောဂါ အဓိကဖြစ်ပွားနေတဲ့ ဝူဟန် လေကြောင်းလိုင်းကလည်း တံတားဦး လေဆိပ်ကို တစ်ပတ်ကိုတနင်္လာနဲ့ သောကြာ နှစ်ရက်မှာ တိုက်ရိုက် ဆင်းသက်တဲ့အတွက် သတိထား ရမယ့်အပိုင်းမှာ ပိုရှိပါတယ်။ ဒါကြောင့် တံတားဦးလေဆိပ်မှာ အရင်က တပ်ဆင်ထားတဲ့ သာမိုစကရင် တစ်လုံးအပြင် အခုနောက်ထပ်တစ်လုံး တိုးချဲ့တပ်ဆင်ပြီး သာမိုစကရင် နှစ်လုံးနဲ့ ခရီးသည်တွေကို အဖျားရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်းကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေပါတယ်။ လေကြောင်း လိုင်းကလာတဲ့ ခရီးသည်တွေက သာမိုစကရင်ရှေ့က ဖြတ်သွားရင် သတ်မှတ်ထားတဲ့ ၃၈ ဒီဂရီထက် ပိုများနေရင် သာမိုစကရင်မှာ သတိပေးတဲ့ စနစ်ကိုသုံးပြီး ဆောင်ရွက်နေပါတယ်ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။

 

ထို့ပြင် သံသယလူနာတွေ့ရှိပါက အရေးပေါ်လူနာတင်ယာဉ်နှင့် ယာဉ်မောင်းများအပြင် ရောဂါကုသရန် သင်တန်းပေးထားသည့် ကျန်းမာရေး ဝန်ထမ်းများ လူနာသယ်ယူရမည့် လမ်းကြောင်းများ ကုသဆောင်များကို သီးသန့်စီစဉ်ပေးထားပြီး ဆေးဝါးအသုံးအဆောင်ပစ္စည်းများကိုလည်း ကြိုတင်ပြင်ဆင်ထားရှိကြောင်းနှင့် သံသယ လူနာတွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံး သတင်းပေးပို့နိုင်ရန် Hotline ဖုန်း တစ်ခုကို သီးသန့်တပ်ဆင်ထားကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)