တုံတာမြို့တွင် ရွေ့လျားဓာတ်မှန်စက်အသုံးပြု၍ တီဘီရောဂါရှာဖွေကုသခြင်း အခမဲ့ဆောင်ရွက်ပေး

တုံတာ၊  ၁၈  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့တွင် ကျိုင်းတုံမြို့ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ GF အထောက်အပံ့ဖြင့် ရွေ့လျားဓာတ်မှန်စက်အသုံးပြု၍ တီဘီရောဂါရှာဖွေကုသပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီက တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနန်းဆောင်ခမ်းနှင့် တာဝန်ရှိသူများ၊ တုံတာမြို့ကျန်းမာရေးဦးစီးမှ ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တစ်ဦးချင်း အလိုက် နာမည်စာရင်းကောက်ယူပြီး ရွေးလျားဓာတ်မှန်စက်ဖြင့် အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်းနှင့် တီဘီရောဂါရှာဖွေကုသခြင်းများကို ဆောင်ရွက်ပေးသည်။

 

လာရောက်ပြသသူများမှာ မိသားစုဝင်များထဲတွင် တီဘီဆေးသောက်နေရသူများ၊ နှစ်ပတ်ထက်ပို၍ ချောင်းဆိုး ဝေဒနာ ခံစားနေရသူများ၊ ချောင်းဆိုးရာတွင် သွေးပါသူများ၊ အစားပျက်၍ ကိုယ်အလေးချိန် လျော့ကျနေသူများ၊ ကျောအောင့် ရင်ဘတ်အောင့်ဖြစ်နေသူများ၊ မောပန်းလွယ်၍ လည်ပင်း၊ ခေါင်း၊ ပေါင်ခြံ အစရှိသော နေရာများတွင် အကျိတ်များထွက်ရှိသူများနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများ ပါဝင်ကြောင်း မြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)