တတိယလှိုင်း

ကောင်းမြတ်နွယ်(စင်ကာပူ)

 

မြန်မာနိုင်ငံ ပြည်သူပြည်သားတို့အပေါ် ရိုက်ခတ်ခဲ့သော ကိုဗစ်-၁၉ ပထမအကြိမ်က အလွန်ညင်သာသည်။ ယခု ဒုတိယလှိုင်းကတော့ မညင်သာ။

 

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့်ကာလက ၂၀၁၉ ဒီဇင်ဘာလထဲတွင် ဖြစ်ပါသည်။ ဖေဖော်ဝါရီလနှင့် မတ်လတွင် အသံတွေဆူညံလာပြီ။ အမြင်ကျယ်သော ကမ္ဘာ့ခေါင်းဆောင်များက ပြည်သူကိုအသိပေးကာ လိုအပ်သည်များကို လုပ်ဆောင်ကြသည်။

 

မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ပြည်သူသို့အသိပေးခြင်း၊ သင်္ကြန်ပိတ်ရက် အသွားအလာ ကန့်သတ်ခြင်း၊ နှာခေါင်းစည်းတပ်ရန်နှင့် ပြန်သုံးနိုင်သည့် နှာခေါင်းစည်းပြိုင်ပွဲကျင်းပခြင်းစသည့် ပြည်သူပြည်သားများ ကိုဗစ်-၁၉ ကို အလေးထားဂရုပြု လာစေမည့် လုပ်ဆောင်မှုများ လုပ်ခဲ့သည့်အတွက် အလွန်ထိရောက်ပါသည်။


နိုင်ငံ့ခေါင်းဆောင်များနှင့် ကျန်းမာရေးဝန်ထမ်းများက နိုးကြားခဲ့ကြသည်။ ပရဟိတစေတနာရှင်များက အသင့်ပြင် ထားကြသည်။ အလှူရှင်များကလည်း ရက်ရက်ရောရော လှူဒါန်းကာ ကရုဏာထားခဲ့ကြသည်။
 

ထို့ကြောင့် ကိုဗစ်-၁၉ ကို မြန်မာက လက်ဦးမှု ရယူခဲ့သည်။

 

ကပ်ရောဂါပိုး

ကိုဗစ်-၁၉ ကား စူပါဗိုင်းရပ်စ်ဖြစ်သည်။ ရောဂါပိုး လူ့ခန္ဓာကိုယ်ကို လွယ်ကူစွာကပ်ငြိနိုင်ဖို့ အသားဓာတ် ပရိုတင်းဆူးခက်တွေပါသည်။ မျက်စေ့၊ နှာခေါင်းနှင့် ပါးစပ်တို့မှဝင်ရောက်ကာ အာခေါင်တွင် ပေါက်ဖွားပြီး အဆုတ်ကို ပြင်းထန်စွာရောဂါရစေနိုင်သည်။ အသက်ရှူကျပ်ပြီး ပြင်းထန်စွာခံစားလျက် အသက်ဆုံးရှုံးစေနိုင်သည်။ ကိုယ်ခံအားကျဆင်းကာ နာလန်မထူနိုင်အောင်အထိ ဖန်တီးပေးနိုင်စွမ်းရှိသည်။ လက်ရှိကာလ အစွမ်းအထက်ဆုံး ကပ်ရောဂါပိုးဖြစ်ပါသည်။


မြန်မာအများစုသည် ယမန်နှစ်ကမှ ဆင်တုပ်ကွေးရောဂါကူးစက်ခံကြရသောကြောင့် ရောဂါပြီးနေပြီ၊ ကိုဗစ်-၁၉ မကူးစက်နိုင်ဟု ပြောကြသေးသည်။ သီအိုရီအရတော့ မဖြစ်နိုင်ချေ။ ဆားစ်ရောဂါ(SARS)သည် (Severe acute respiratory syndrome coronavirus-SARS-COV-1) ဖြစ်၍ ထိုရောဂါအတွက် ဆေးရှိနေပြီ ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ (Severe acute respiratory syndrome coronavirus 2 -SARS-COV-2)သည် SARS နှင့် အမျိုးတော် သော်လည်း SARS ဆေးနှင့် ကုသမရချေ။

 

ထို့ပြင် အင်ဖလူရင်ဇာဗိုင်းရပ်စ် အဖျားကာကွယ်ဆေး ထိုးထားသော်လည်း ကိုဗစ်-၁၉ ကို ကာကွယ်မပေးနိုင်ပေ။

 

မြွေကိုက်တာချင်းအတူတူ မြွေပွေးကိုက်ခံရလျှင် မြွေပွေးအဆိပ်ဖြေဆေး (Viper venom) ထိုးပေးပြီး မြွေဟောက် ကိုက်ခံရသူကို မြွေဟောက်အဆိပ်ဖြေဆေး (Cobra Venom) ထိုး၍ ကုသရသလို သဘောတရားချင်း ဆင်တူသည်။

 

ထို့ကြောင့် အဆိပ်ပြင်းလှသော ကိုဗစ်-၁၉ စစ်စစ်ကို ကုသပေးနိုင်သည့် ကာကွယ်ပေးနိုင်မည့်ဆေးကို အလျင်အမြန် ရှာဖွေနေကြရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံကို ပထမလှိုင်းစတင်ရိုက်ခတ်စဉ်က သင်္ကြန်ရုံးပိတ်ရက်ရှည်နှင့်လည်း တိုက်ဆိုင်နေသည်။ ဘဏ်နှင့် အလုပ်ရုံ၊ စက်ရုံလုပ်ငန်းများကို ပိတ်ထားလိုက်ပြီး လူတွေအားလုံး ဟုမ်းစတေးလုပ်လိုက်သောကြောင့် ကူးစက်ပြန့်ပွားမှု အလွန်နည်းခဲ့သည်။ ပထမလှိုင်းက အင်းလျားကန်မှ ကန်ရေပြင်လှိုင်းနှင့်သာ တင်စားလိုပါသည်။

 

အမေရိကန်ပြည်ထောင်စု၊ အာဖရိက၊ အီတလီနိုင်ငံတို့ကို ကိုဗစ်-၁၉ က ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ထိုစဉ်မှာ အိန္ဒိယမှာမဖြစ်သေး။ လူတွေက သိပ်မယုံကြည်။ နှာခေါင်းစည်းလည်းမတပ်ဆင်။ အိမ်မှာနေပါဆိုလည်း မလိုက်နာ သောကြောင့် အိန္ဒိယရဲတို့က ဝါးရင်းတုတ်များဖြင့် လိုက်ရိုက်သည့်အခါ စိန်ပြေးတမ်းကစားသလို လုပ်နေခဲ့ကြသည်။ တကယ့်အသိစိတ်ဖြင့် ရောဂါကာကွယ်ဖို့ မကြိုးစားခဲ့ကြသောကြောင့် ကမ္ဘာ့ဒုတိယအများဆုံး ကိုဗစ်-၁၉ ကူးစက် ခံရသောနိုင်ငံအဖြစ် ဟုန်းခနဲထိုးတက်သွားပါသည်။

 

နားလည်သူ ပညာရှင်များက ဝမ်းသာကြ

မြန်မာ့ ကိုဗစ်-၁၉ ပထမလှိုင်း ညင်သာမှုကြောင့် ကျန်းမာရေးဝန်ထမ်းများ အဏုဇီဝပိုးနှင့် ကပ်ရောဂါအကြောင်း နားလည်သူပညာရှင်များက ဝမ်းသာကြပါသော်လည်း တစ်နေ့လုပ်မှ တစ်နေ့စားရဟု ဇွတ်ထွက်လာပြီး ရောင်းဝယ် ဖောက်ကား အလုပ်များကြသူများ၊ လူကြားသူကြား နှာခေါင်းစည်းမတပ်ဘဲ သွားကြသူများ၊ နှာခေါင်းစည်းကို နားရွက်မှာချိတ်ထားသူများ၊ မေးစေ့အောက်မှာ ချိတ်ထားသူများ၊ အုပ်စုလိုက် နီးနီးကပ်ကပ် လှုပ်ရှားသွား လာနေသူများကို မြင်တွေ့နေရသောအခါ စိတ်မသက်မသာဖြစ်ကြရပါသည်။

 

အိမ်နီးနားချင်း ပြည်ပနိုင်ငံများမှ ခိုးပြန်လာသူများ၊ တရားဝင်ပြန်လာသော်လည်း ဂိတ်မှာ စောင့်ဆိုင်းရတာကြာ တယ်ဆိုပြီး ဇွတ်ပြေးဝင်သူများ၊ Q ဝင်ရမည်ကိုငြင်းဆန်ပြီး မှန်ကိုလက်သီးနှင့်ထိုး၍ ထွက်ပြေးသူများ၊ Q ဝင်နေရာမှ တိတ်တဆိတ်ထွက်ပြေးသူ စသည့် ကိုဗစ်-၁၉ ထိန်းချုပ်မှုကို ထိခိုက်ဖျက်ဆီးသူများကြောင့် ကပ်ရောဂါကို ထိန်းချုပ်မရဖြစ်လာမှာ ပူပန်ကြပါသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းသည် မေလ ၁၈ ရက်နေ့ကတည်းက ပြီးသွားခဲ့ပြီဟု ဆိုပါသည်။

ရောဂါကူးစက်မှုနည်းသဖြင့် ဖြေတွေးမှုတွေများလာသည့်အပြင် အထက်ပါအကြောင်းတရားများကြောင့် အင်အား ကြီးသော ဒုတိယလှိုင်းက ရိုက်ခတ်လာပါသည်။

 

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်က ကမ္ဘာတစ်လွှားသို့ ပျံ့နှံ့ခဲ့

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်က ဖြစ်ပါသည်။ ၁၉၁၈ ခုနှစ် မတ်လ၌ စပင်းနစ်ရှ်ဖလူဟု နာမည်ရလာသော ဗိုင်းရပ်စ်သည် အမေရိကန်ကင်းဆက်စစ်စခန်း၌ စတင်ပေါက်ဖွားခဲ့ပြီး ဥရောပနှင့် ကမ္ဘာတစ်လွှားသို့ ပျံ့နှံ့ခဲ့လေ သည်။ ထိုရောဂါက ရောဂါလက္ခဏာပြပြီး သုံးရက်အတွင်းသေသည်။ ရောဂါလက္ခဏာကလည်း ပုံမှန်ဖြစ်တတ်သည်။ ရာသီဖျားနှင့် မခြား။ ကိုယ်အပူချိန်မြင့်မည်။ ကိုယ်လက်မအီမသာ ဖြစ်မည်။ ထိုဟာ ခံစားရပြီးသေသည်။ သေတာမြန်၍ သေနှုန်းများသည်။ နွေရာသီကျော်လျှင် အဖျားတွေကင်းစင်သွားသည်။ ထိုအခါ လူတွေက ချုပ်တည်း ဆင်ခြင်နေရာမှလွတ်ကာ မဆင်မခြင် ပေါ့ပေါ့ပါးပါး နေလိုက်ကြသည်။


၁၉၁၈ ခုနှစ် ဩဂုတ်လတွင် မူလရောဂါပိုးသည် နောက်ဗိုင်းရပ်စ်ပိုးတစ်မျိုးနှင့် မျိုးစပ်မိကာ မျိုးဆက်သစ် ဗိုင်းရပ်စ် စတင်ပျံ့နှံ့လေတော့သည်။ ထိုဗိုင်းရပ်စ်က ပိုမိုအစွမ်းထက်သည်။ ရောဂါလက္ခဏာပြပြီး တစ်ရက်အတွင်း အသက် ဆုံးရှုံးသည်။ သေနှုန်းက ဒုံးပျံတက်သလိုမြန်သည်။ အောက်တို ဘာလအတွင်း အမေရိကန်နိုင်ငံတစ်နိုင်ငံတည်း၌ လူပေါင်း ၁၉၅၀၀၀ သေသည်။ သိပ္ပံပညာရှင်များ၊ သမိုင်းသုတေသီများက ပထမကမ္ဘာစစ်အတွင်း လော့ဒ်ဒေါင်း မချနိုင်ခြင်း၊ ကွာရန်တင်း မစီစဉ်နိုင်ခြင်း၊ ကုသရန်ဆေးမရှိခြင်းတို့ကြောင့် လူအသေအပျောက်များရသည်ဟု ဆိုပါသည်။

သို့သော် နောက်တစ်နှစ်တွင် တတိယလှိုင်းရိုက်ခတ်ရာ တစ်ကမ္ဘာလုံးသို့ ပျံ့လွင့်သွားပြီး လူပေါင်းသန်း ၂၀ မှ ၅၀ အထိ သေဆုံးသည်ဟု တွေ့ရသည်။

 

ပထမကမ္ဘာစစ်အတွင်း ပစ်ကြခတ်ကြသောကြောင့် လူသေကျေနှုန်းထက် ထိုရောဂါကြောင့် သေကျေနှုန်းက ပိုများသည်။ ဒါကို လေ့လာတွေ့ရှိသွားသော ကမ္ဘာ့ရန်လို လူမိုက်ကြီးများက ရောဂါပိုးဖြန့်ဝေ တိုက်ခိုက်နိုင်သော ဇီဝလက်နက်ကို စဉ်းစားမိသွားကြသည်။

 

နောက်တစ်ကြိမ်မဖြစ်နိုင်ဟု မဆိုနိုင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ကျွမ်းကျင်ပညာရှင်က ကိုဗစ်-၁၉ ရောဂါခံစားရသူသည် တခြားဗိုင်းရပ်စ်ရောဂါ ခံစားရသူ ဝေဒနာသည်များကဲ့သို့ ရောဂါခံစား၍ ပြန်ကောင်းလာပြီးနောက် ဒီရောဂါ နောက်တစ်ကြိမ်မဖြစ်နိုင်ဟု မဆိုနိုင်ကြောင်း ပြောပါသည်။

 

ပုံမှန်အားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဝေဒနာခံစားရသူသည် ခန္ဓာကိုယ်တွင်းက ပဋိဇီဝပစ္စည်း (Antibody) ထုတ်ပေးလိုက်သောကြောင့် ထိုရောဂါပိုးအတွက် ကိုယ်ခံအားရရှိသွားသည်။ အလားတူ ရောဂါပိုး နောက်တစ်ကြိမ် ထပ်ဝင်လာလျှင် ရှိနှင့်ပြီးကိုယ်ခံအားက ဝိုင်းဝန်းတိုက်ခိုက်ပေးသောကြောင့် ထိုရောဂါမျိုး ထပ်မဖြစ်နိုင်တော့ပါ။
၁၉၅၈ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော ကျောက်ကြီး ရောဂါ (Smallpox)သည် ကမ္ဘာပေါ်တွင် ၁၉ နှစ်ကြာ နေထိုင်သွားပြီး လူပေါင်းများစွာ၏ အသက်ဇီဝိန်ကို ခြွေသွားခဲ့သည်။ ၁၉၇၇ ခုနှစ် မတိုင်မီ မွေးဖွားခဲ့သော မြန်မာလူမျိုးတို့၏ ဘယ်ဘက်လက်မောင်းတွင် ကျောက်ကြီးရောဂါ ကာကွယ်ဆေးအောင်ထားသည့် အမာရွတ်နှစ်ခု ရှိသည်။ ၁၉၇၇ ခုနှစ်တွင် ကျောက်ရောဂါ ပပျောက်သွားသည်။


သိုး၏ခန္ဓာကိုယ်ပေါ်တွင် ကျောက်ကြီးရောဂါ ဖြစ်ပွားစေသည်။ ထိုရောဂါပြည်ဖုမှ ပြည်ကို စုဆောင်း၍ Smallpox Virus ဆဲလ်အသေကို ဓာတ်ခွဲခန်းတွင် ပြုပြင်ယူသည်။ ထိုဆေးကို လူကောင်းအား Smallpox Vaccine ကာကွယ် ဆေးအဖြစ်ထိုးပေးရာ ထိုသူမှာ ကျောက်ကြီးရောဂါ အနုစားခံစားရသည်။ ထိုသူ၏ ခန္ဓာကိုယ်သည် ကျောက်ကြီး ရောဂါကို ကာကွယ်ရန် ကိုယ်ခံအားရသွားပါသည်။

 

ကိုဗစ်-၁၉ အတွက် ကုရာနတ္ထိဆေးမရှိသေး။ အထက်ကလို ကိုယ်ခံအားရလာမလား မရလားလည်း မသိ သေးပေ။

 

“တစ်ခါဖြစ်လို့ ကိုယ်ခံအားရလာမည်ဆိုလျှင် ပျော့ပျော့ လေးရောဂါအဖြစ်ခံလိုက်မည် စိတ်ချလက်ချ နေလို့ရအောင်” ဆိုသည့်သူတွေအတွက်လည်း မဖြစ်နိုင်သေး။

 

ရောဂါရှိသူကို ကုသပေးပြီး ရောဂါမရှိတော့ပြီ (Negative) ဆိုကာ ပြန်လွှတ်ပြီးမှ Test ပြန်လုပ်သောအခါ ရောဂါပြန်တွေ့နေသည် (Positive) ဟု ဆိုကြသေးသည်။

 

မြန်မာနိုင်ငံ၌ နှစ်စဉ် အင်ဖလူရင်ဇာ ဗိုင်းရပ်စ်ကဲ့သို့သော ရာသီစာအဖျားတွေကလည်း ရှိပါသည်။ လူတိုင်း မျက်စိနာသည့်အခါ ရှိသည်။ လူတိုင်း ချောင်းတဟွတ်ဟွတ်ဆိုးသည့်အခါ ရှိသည်။ လူတိုင်းနီးပါး ဝမ်းပျက် ဝမ်းကိုက်သည့်နှစ် ရှိပါသည်။ ကူးစက်ရောဂါ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များကြောင့် ဖြစ်ပါသည်။

 

အထိတ်တလန့်ဖြစ်

မိုးတွင်းကာလတွင် ပေါ်တတ်မြဲဖြစ်သည့် အင်ဖလူရင်ဇာဗိုင်းရပ်စ်လည်း ရှိသေးသည်။ ကူးစက်ရောဂါတွေက ဝိတ်တင်းလစ်နှင့် တန်းစီစောင့်နေသည်။ တုပ်ကွေးရာသီတွင် ကိုယ်ပူ၊ ချောင်းဆိုး၊ အားအင်ဆုတ်ယုတ်၊ ကိုယ်လက် နာလျှင် အင်ဖလူရင်ဇာ ဗိုင်းရပ်စ်လား၊ ကိုဗစ်-၁၉ လား ချက်ချင်း ဝေခွဲမရ၊ အထိတ်တလန့်ဖြစ်တော့မည်။

 

အင်ဖလူရင်ဇာဗိုင်းရပ်စ်က နှစ်စဉ် ခံစားနေရပြီး ချောင်းဆိုးပျောက်ဆေးနှင့် ပါရာစီတမော့ကို သောက်ကာ ပျော်ပျော်ကြီးခံစားခဲ့ကြသည်။ ရောဂါခံစားနေရသူနှင့် မခံစားရသူများအတူတွဲ၍ သွားလာလုပ်ကိုင်ကြရသည်။ ယခုကိုဗစ်-၁၉ နှင့် တွေ့ပြီးကာလတွင် ဒီလို အချိုးချိုးလို့ မရပြီ။ ကျန်းမာရေးပညာရှင်များက တွေးပူနေကြသည်။

 

တတိယလှိုင်း မရိုက်ခတ်ဖို့ ပြည်သူပြည်သားတစ်ဦးချင်းစီမှာ တာဝန်ရှိပါသည်။ ရောဂါထိန်းချုပ်ရန် ညွှန်ကြား ချက်များကို နားလည်လိုက်နာရမည်။ ကိုယ့်တာဝန်ကိုယ်ကျေ၊ တာဝန်သိလျှင် ကိုယ့်အတွက်သာမက ကိုယ့်ပတ်ဝန်း ကျင်ပါ လုံခြုံစိတ်ချရမည်။ တစ်တိုင်းပြည်လုံး စိတ်ချရမည် ဖြစ်ပါသည်။

 

၁။ လူမှုရေးဆိုင်ရာ စဉ်းစားချင့်ချိန်မှုများ

- ဝေးဝေးနေ (အနည်းဆုံး သုံးပေအကွာ)။

- စုပြုံမနေရ(လူ ငါးယောက်ထက်မပိုရ)။

- နှာခေါင်းစည်းနှင့် မျက်နှာအကာများတပ်ပါ။

- ထိရောက်စွာ လက်ဆေးပါ။

- ကြုံသလိုတံတွေးမထွေးရ။

- အစားအစာများကို တစ်ပန်းကန်တည်း၊

တစ်ဇွန်းတည်း တွဲစားခြင်းမှ ရှောင်ရှားပါ။


၂။ ပြည်သူ့ကျန်းမာရေး

- သွားလာကန့်သတ်မှုများ လိုအပ်လျှင် လုပ်ပါ။

- ဟုမ်းစတေး လိုအပ်လျှင် လုပ်ပါ။

- ကွာရန်တင်း ခွဲထားဖို့လိုလျှင် ခွဲပါ။

- ဆေးကုသဖို့လိုလျှင် ကုပါ။


၃။ စောင့်ကြည့်ထောက်လှမ်းချင့်ချိန်ခြင်း

- ပြည်တော်ပြန်များ စိစစ်လက်ခံကွာရန်တင်းထားခြင်း၊

- ရောဂါကူးစက်မှုများကို ထောက်လှန်းရှာဖွေခြင်း။


၄။ စမ်းသပ်မှုနှင့် ကုသခြင်း

- ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲမှုနှင့် ဝေဒနာလက္ခဏာကို အစဉ်အမြဲ စောင့်ကြည့်ထုတ်ပြန်ခြင်း၊

- ရောဂါရှိသူ၊ သံသယလူနာနှင့် လူကောင်းများကို ခွဲထားကုသနိုင်ခြင်း စသော လက်ရှိလုပ်ဆောင်ချက်များကို ပိုမိုတင်းကျပ်စွာ လိုက်နာ၍ တာဝန်ကျေကြရန်မှာ ကျွန်တော်တို့ တာဝန်သိပြည်သူများသာ အဓိက ဖြစ်ပါသည်။

 

ဒုတိယလှိုင်း၏ ခါးသီးသော သင်ခန်းစာများကို ရယူ၍ တတိယလှိုင်းမဖြစ်လာရန် ဝိုင်းဝန်းကူညီပံ့ပိုးကြမည်ဟု ယုံကြည်ပါသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးက အစောဆုံးဒီနှစ်ကုန်မှ ရနိုင်သည်။ ဆေးအတွက် ပိုမလေးအောင် စမ်းသပ်အတည်ပြု ကြရဦးမည်။ ကိုဗစ်-၁၉ ကတော့ ကာကွယ်ဆေးမပေါ်မချင်း ကမ္ဘာကြီးထဲက ထွက်သွားလိမ့်မည်မဟုတ်။ မြန်မာပြည်သို့ ကာကွယ်ဆေးရောက်သည်အထိ တတိယလှိုင်း မပေါ်ပေါက်စေရန် ပြည်သူပြည်သားအားလုံးက ပူးပေါင်း၍ ကာကွယ်ကြရန် ဖြစ်ပါကြောင်း။    ။