တတိယအကြိမ်မြောက် တောင်သားလူမျိုးများ တွေ့ဆုံပွဲကျင်းပ

ကျောက်ထု ၂၈ ဒီဇင်ဘာ

 

တောင်သားလူမျိုးများ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ မိအယ်ကျေးရွာ အလယ်တန်းကျောင်း အားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တောင်သားလူမျိုးစု စကား၊ စာပေ၊ ယဉ်ကျေးမှုများနှင့်ပတ်သက်၍ ကျောက်ထုမြို့ ရွှေကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးအောင်ကျော်ပိုင်က ရှင်းလင်းတင်ပြ၍ တောင်သားလူမျိုးများကော်မတီ ဥက္ကဋ္ဌ ဦးမိုးဝင်း(ထီးလင်း) က ကျေးဇူးတင်စကား ပြောကြားကြသည်။

 

တောင်သားလူမျိုးများသည် အေဒီ (၁၀၇) ခုနှစ် သမုဒ္ဓရာဇ်မင်းကြီး အုပ်စိုးစဉ်ကာလက ယခုနေထိုင်ရာ အရပ်ဒေသသို့ ပြောင်းရွှေ့လာကြသည့် ပျူလူမျိုးများဖြစ်သည်ဟု ယုံကြည်သူများ ဖြစ်ကြောင်း သိရသည်။   

 

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့နှင့် ဖိတ်ကြားထားသူများ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ စေတုတ္တရာ မြို့နယ်များမှ တောင်သားလူမျိုးများ ၁၂၀၀ ကျော် တက်ရောက် ကြသည်။

 

အဆိုပါတွေ့ဆုံပွဲကာလတွင် ရိုးရာဓလေ့ ဘုရားပူဇော်ပွဲများ၊ ပဒေသာကပွဲများ ထည့်သွင်း ကျင်းပသည့်အပြင် ကြွရောက်လာကြသူများအား ထမင်း နှင့် ရိုးရာဓလေ့ သရေစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြသည်။

 

မောဟေမာန် (ပြန်ဆက်)