တတိယအကြိမ်မြောက် 100 PLUS မာရသွန်အပြေးပြိုင်ပွဲ ဒီဇင်ဘာလ ၁ ရက်နေ့ ကျင်းပမည်

ရန်ကုန် ၂၃   စက်တင်ဘာ

တတိယအကြိမ်မြောက် 100 PLUS မာရသွန်အပြေးပြိုင်ပွဲကို ‘100 PLUS Active Competitive Run 2019’ အမည်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ေ

 

အဆိုပါမာရသွန်ပြိုင်ပွဲတွင် ၅ ကီလိုမီတာပြိုင်ပွဲနှင့် ၁၀ ကီလိုမီတာပြိုင်ပွဲဟူ၍ နှစ်မျိုးပါဝင်ပြီး ၅ ကီလိုမီတာ ပြိုင်ပွဲမှာ သုဝဏ္ဏအားကစားကွင်းမှစတင်တာထွက်ပြီး ဝေဇယန္တာလမ်းအတိုင်းပြေး၍ ယင်းမှတစ်ဆင့်မေတ္တာ လမ်းဆုံမှပြန်ကွေ့ကာ သုဝဏ္ဏအားကစားကွင်းသို့ ပြန်လည်ပန်းဝင်ရမည်ဖြစ်သည်။ ၁၀ ကီလိုမီတာ ပြိုင်ပွဲမှာ သုဝဏ္ဏအားကစားကွင်းမှစတင်တာထွက်ပြီး ဝေဇယန္တာလမ်းအတိုင်းပြေး၍ ပါရမီလမ်းဆုံမှပြန်ကွေ့ကာ သုဝဏ္ဏအားကစားကွင်းသို့ ပြန်လည်ပန်းဝင်ရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်များအတွက် ပြေးလမ်းတစ်လျှောက်အန္တရာယ်ကင်းစေရန် ဆေးအဖွဲ့များနှင့် Mobile Toilet များ ထားရှိပေးမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရေဓာတ်ဖြည့်တင်းရန် 100 PLUS မှ နေရာလေး နေရာစီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ပြိုင်ပွဲကို သုဝဏ္ဏဘောလုံးကွင်းရှေ့တွင် နံနက် ၅ နာရီ မှစတင်ကာ နံနက် ၉ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပနေချိန်တွင် ယာဉ်လမ်းကျောများ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။ 

မာရသွန်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် စက်တင်ဘာလဆန်းပိုင်းမှ နိုဝင်ဘာလ ၁၀ ရက် နေ့အထိ အွန်လိုင်း(သို့) City Mark, Market Place နှင့် Ocean Supermarkets များတွင် သွားရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ပြိုင်ပွဲအမျိုးအစားနှစ်မျိုးလုံးအတွက် လက်မှတ်တစ်စောင်လျင် မြန်မာငွေကျပ် ၁၂၀ဝ၀ ဖြင့်ဝယ်ယူနိုင်ပြီး ပြိုင်ပွဲဝင် ခါးနံပါတ်၊ တီရှပ်၊ ကူပွန်လက်မှတ်နှင့် လက်ဆောင်အိတ်  တို့ကို အိမ်တိုင်ရာရောက်ပို့ဆောင်စေလိုပါက ငွေကျပ် ၃၀ဝ၀ ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ စာရင်းသွင်းစဉ်က ကိုယ်တိုင်ထုတ်ယူလိုသူများအနေဖြင့် နိုဝင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် သုဝဏ္ဏ ဘောလုံးကွင်းတွင် သွားရောက်ထုတ်ယူရမည်ဖြစ်သည်။ ထိုသို့ထုတ်ယူသည့်အခါ အီးလ်မေးမှ ပေးပို့ထားသည့် စာရင်းသွင်းမှုအောင်မြင်ကြောင်း အတည်ပြုစာအား ပြသရန်လိုအပ်ကြောင်း သိရသည်။ 

 

a

 

၁၀ ကီလိုမီတာအပြေးပြိုင်ပွဲတွင် ပထမဆုံးပန်းဝင်သည့် အမျိုးသားနှင့် အမျိုးသမီး ၂၀ ဦးစီအား ငွေသားဆု များချီးမြှင့်သွားမည်ဖြစ်ပြီး ပန်းဝင်သူတိုင်းအတွက် ဂုဏ်ပြုဆုတံဆိပ်များ လက်ဆောင်ပေးအပ်မည်ဖြစ် ကြောင်း သိရသည်။ ပြိုင်ပွဲသို့ အားကစားသမား ၆၀ဝ၀ ခန့် ပါဝင်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 

တတိယအကြိမ်မြောက် 100 PLUS မာရသွန်အပြေးပြိုင်ပွဲကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် 100 PLUS (F&N Myanmar Services Co., Ltd)တို့ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အပြေးအားကစားဝါသနာရှင် အဖွဲ့အစည်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ပထမဆုံးအကြိမ် 100 PLUS Active Run ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်းကောင်း၊  ဒုတိယ အကြိမ် Yangon 100 PLUS Active Run ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း