တတိယအကြိမ် မြန်မာ့စွန့်ဦးတီထွင်ပွဲတော် ကျင်းပ

ရန်ကုန်  ၃   သြဂုတ်

 

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ တတိယအကြိမ်မြောက်ကျင်းပသည့် မြန်မာ့စွန့်ဦးတီထွင် ပွဲတော်ကြီးကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် သြဂုတ်လ ၃ ရက်နေ့မှ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများသာမက အစိုးရအဖွဲ့အစည်းများ၊ မန္တလေးတိုင်းဒေသကြီးလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ ရှမ်း ပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း စသော အနယ်နယ်အရပ်ရပ်မှ အသင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကနဦးလုပ်ငန်းရှင်များ၏ ပြခန်းပေါင်း ၁၀ဝ ကျော်မှာ ပွဲတော်အတွင်း ပါဝင်ပြသလျက်ရှိသည်။

 

တတိယအကြိမ်ကျင်းပသော မြန်မာစွန့်ဦးတီထွင်ပွဲတော်တွင် ဆန်းသစ်တီထွင်ပြုပြင်ပြောင်းလဲခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကို ဦးစားပေးပြသလျက်ရှိပြီး စွန့်ဦးတီထွင်သူများအတွက် ဈေးကွက်ချိတ် ဆက် ပေးနိုင်ရန်၊ ငွေကြေးအရင်းအနှီးများ ချိတ်ဆက်ပေးနိုင်ရန်နှင့် ကွန်ယက်တစ်ခုဖန်တီးပေးနိုင်မည့် စီးပွားရေး ပတ်ဝန်ကျင်ကောင်းများ ဖန်တီးပေးနိုင်ရန်၊ လုပ်ငန်းစတင်တည်ထောင်သည့် လူငယ်များအား မြေတောင် မြှောက်ပေးခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်နှင့် မြန်မာလူ့ဘောင်ဝန်းကျင်တွင် လိုအပ်နေသည့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများ၊ နည်းပညာအခြေခံသည့် စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု့ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ စတင်ပေါ် ပေါက်လာစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ပွဲတော်ကာလအတွင်း စီးပွားရေးလုပ်ငန်းစုကြီးများနှင့် အသေးစားအလတ်စားလုပ်ငန်းများမှ လုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲများ၊ ဟောပြောပို့ချမှုများ ပါဝင်မည်ဖြစ်ပြီး ကနဦးစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော နည်းပညာ အထောက်အကူနှင့် ငွေကြေးအရင်းအနှီးများအတွက် ရင်းနှီးမြုပ်နှံသူများနှင့် တွေ့ဆုံချိတ်ဆက်ပွဲများ၊ စွန့် ဦးလုပ်ငန်းများအတွက် လမ်းပြဆွေးနွေးပညာပေးအစီအစဉ်များနှင့် အချိန်တိုသင်တန်းများကိုပါ တစ်နေရာတည်းတွင် လေ့လာနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

ပွဲတော်အတွင်း ထူးခြားမှုအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်၍ နောက်ဆုံးပေါ် LED နည်းပညာကို အသုံးပြုထားသော  သုံးဘက်မြင်ရုပ်လုံးကြွပုံရိပ်ထုတ်စက်ကို Our Future ကုမ္ပဏီက ပြသထားသည်။

 

“စွန့်ဦးတီထွင်ပွဲလည်းဖြစ်တယ်။ သူတို့ခေါင်းစဉ်ကလည်း လုံးဝဆန်းသစ်မှုကို ပြောထားတဲ့အတွက်ကြောင့် ဒီပွဲမှာ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ LED နည်းပညာကို သုံးထားတဲ့ သုံးဘက်မြင် ရုပ်လုံးကြွ ပုံရိပ်တွေ ထုတ်လုပ်ပေးတဲ့ စက်လေးကို လာပြပေးတာပါ။ ဒီစက်လေးက သုံးဘက်မြင်ရုပ်လုံးကြွပုံရိပ်တွေ ထုတ်လုပ်ပေးတာပါ” ဟု အဆိုပါကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကိုသက်ခိုင်မြင့်က ပြောသည်။

 

အာဆီယံတရုတ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကြီးတည်ထောင်ရေးတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ရန် ရည်ရွယ်ပြီး ပြည်ပနိုင်ငံများရှိ လူငယ်စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များ ချိတ်ဆက်ဆောင်ရွက်နိုင် ရေးအတွက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကို ၂၀ဝ၉ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့ စည်းခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့၌ ပထမအကြိမ်ပွဲတော်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် မန္တလေးမြို့၌ ဒုတိယအကြိမ်ပွဲတော်ကိုလည်းကောင်း ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)