တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် မြန်မာအသင်း ပြန်လည်ရောက်ရှိ

၂  အောက်တိုဘာ

 

စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသည့် တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် မြန်မာ ယူ-၁၉ အသင်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲတွင် အိမ်ရှင် တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ ဂျီဘရော်လ်တာအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ဒုတိယနေရာရရှိခဲ့ခြင်း ဖြစ်သည်။

 

မြန်မာအသင်းသည် အဖွင့်ပွဲတွင် တရုတ်တိုင်ပေအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲတွင် ဂျီဘရော်လ်တာ အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဟောင်ကောင်အသင်းကို ခြောက်ဂိုးပြတ် အနိုင်ရကာ ခြောက်မှတ်ဖြင့် ဒုတိယရခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် နိုဝင်ဘာတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ချန်ပီယံဆု မရသော်လည်း ဒုတိယဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် တရုတ်တိုင်ပေပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ၁၈ ဦး၊ ချန်လှပ်ခဲ့သည့် ကစားသမား ၁၀ ဦးဖြင့် ပြန်ပေါင်းကာအောက်တိုဘာ ၃ ရက်ညနေပိုင်းမှစ၍ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။

 

ဒုတိယဆုရခဲ့သည့်  မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ လက်ထောက် နည်းပြအဖြစ် ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး-ပြည့်ဖြိုးသူ၊ နေလင်းထက်၊ နောက်တန်း- စည်သူမိုးခန့်၊ ဉာဏ်လင်းထက်၊ ဝေယံစိုး၊ သက်ဟိန်းစိုး၊ ရှင်းသန့်အောင်၊ ကောင်းခန့်ကျော်၊ အလယ်တန်း- လမင်းထွေး၊ မိုးဆွေ၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ရဲမင်းကျော်၊ ရှေ့တန်း- ပြည့်စုံနိုင်၊ စောကျော်အဲ၊ ပြည့်ဖြိုးအောင်၊  ခွန်ကျော်ဇင်ဟိန်းနှင့် အောင်ကိုဦးတို့ ပါဝင်ကြသည်။

 

ညီမြတ်သော်တာ