တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် တောင်အာဖရိက အတည်ပြု

ဂျိုဟန်နစ္စဘတ် ဇူလိုင်  ၅

တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ကြောင်း တောင်အာဖရိက ဆေးဝါးကွပ်ကဲရေး အာဏာပိုင်အဖွဲ့က ဇူလိုင် ၃ ရက်တွင် ကြေညာသည်။

ယခုနှစ် မတ် ၂၂ ရက်နှင့် ဇွန် ၂၂ ရက်အကြား တင်ပြထားသည့် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှု၊ အာနိသင်နှင့် ထိရောက်မှုဆိုင်ရာအချက်အလက် များအပေါ် အခြေခံ၍ ယင်းကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တောင်အာဖရိက ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့ က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်သည် အခြေအနေအများအပြား အပေါ်မူတည်ကြောင်း၊ အထူးသဖြင့် လျှောက်ထားသူအနေဖြင့် ကာကွယ်ဆေးနှင့်ပတ်သက်၍ လက်တွေ့ လေ့လာချက်များ၏နောက်ဆုံးရလဒ်များကို တင်ပြရန် လိုအပ်သည်။ ထို့အပြင် ယင်းကာကွယ်ဆေးနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း တောင်အာဖရိက ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့ က ပြောကြားသည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန် - ဂျေတီ