တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်း

ချင်းရွှေဟော်                စက်တင်ဘာ                 ၂၉

 

တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ အန်းဟွေးပြည်နယ်နှင့် ဟူနန်ပြည်နယ်တို့ရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံခဲ့ရသော မြန်မာနိုင်ငံသား အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၁၁၄ ဦးတို့အား စက်တင်ဘာ ၂၈ ရက် ညနေပိုင်းက ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နယ်စပ်စစ်ဆေးရေးဂိတ်သို့ တရုတ်နိုင်ငံ၊ နယ်ခြားစောင့် လူဝင်မှုစစ်ဆေးရေးဌာနမှ ရဲမှူးကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့က လာရောက်လွှဲပြောင်းပေးသဖြင့် နယ်မြေခံ တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးထွန်းမင်းခိုင်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က လက်ခံခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွှေ့ပြောင်းလုပ်သား ၁၁၄ ဦးသည် ချင်းရွှေဟော်၊ မူဆယ်နှင့် လွယ်ဂျယ်၊ နမ့်တစ်မြို့များရှိ နယ်စပ်ဂိတ်မှ BP ဖြင့် လည်းကောင်း၊ တရားမဝင် တောလမ်းမှ လည်းကောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြပြီး တရုတ်နိုင်ငံ၊ မန်းကျန်းမြို့ရှိ စိုက်ပျိုးရေးလုပ်ငန်း၊ ဟွေနမ်မြို့ရှိ အုတ်စက်ရုံ၊ ထမင်းဆိုင်လုပ်ငန်း၊ အထည်စက်ရုံလုပ်ငန်း၊ ကျပန်းလုပ်ငန်း၊ ဖုန်းစက်ရုံ၊ ကွမ်းတုံမြို့ရှိ နားကြပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ခမ်းတုံမြို့ရှိ အိမ်အကူလုပ်ငန်း၊ စန်းတုံးမြို့ရှိ အုတ်စက်ရုံ၊ ပန်းရံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးစက်ရုံ၊ အန်းဟွေမြို့ရှိ အုတ်စက်ရုံ၊ ဟိုနမ်မြို့ရှိ အုတ်စက်ရုံ၊ အိမ်အကူလုပ်ငန်း၊ ပန်းရံလုပ်ငန်း၊ မူကျုံးမြို့ရှိ အုတ်စက်ရုံ၊ မိန်းတိန်မြို့ရှိ အုတ်စက်ရုံ၊ ပြည်တုံးရွှေမြို့ရှိ အုတ်စက်ရုံ၊ လောရင်မြို့ရှိ အထပ်သားစက်ရုံ၊ ကွမ်းနောင်မြို့ရှိ အုတ်စက်ရုံ၊ အာမွေမြို့ရှိ အိမ်အကူလုပ်ငန်း၊ ကွီးနန်မြို့ရှိ အုတ်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ဖူးကျန်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်း၊ အထပ်သားစက်ရုံ၊ ကွမ်းတုံမြို့ရှိ ပရိဘောဂစက်ရုံ၊ နားကြပ်စက်ရုံ၊ ချင်းရွှေဟော်မြို့ရှိ ပန်းရံလုပ်ငန်း၊ စုပေါ်မြို့ရှိ အထည်စက်ရုံ၊ နမ့်ခေါင်မြို့ရှိ စားသောက်ဆိုင်လုပ်ငန်း၊ ဟော့နန်းမြို့ရှိ စားသောက်ဆိုင်လုပ်ငန်း၊ အုတ်စက်ရုံ၊ ခွန်နန်းနိုင်ဟောင်းမြို့ရှိ ကျပန်းလုပ်ငန်း၊ နမ့်ယန်းမြို့ရှိ ဖိနပ်စက်ရုံလုပ်ငန်း၊ လော့ရောင်မြို့ရှိ နားကြပ်စက်ရုံ၊ အိမ်အကူလုပ်ငန်း၊ စုပုံမြို့ရှိ အထည်စက်ရုံ၊ ကွမ်နန်လောစန်းမြို့ရှိ ဖိနပ်စက်ရုံ၊ ရှန်တုံမြို့ရှိ ငါးစက်ရုံ၊ ခွန်နန်မြို့ရှိ အုတ်စက်ရုံ၊ ဟွေနမ်မြို့ရှိ အုတ်စက်ရုံ၊ အထည်စက်ရုံ၊ ပိတ်ရန်မြို့ရှိ ကျပန်းလုပ်ငန်း၊ ဟုန်ရယ်မြို့ရှိ အိမ်အကူလုပ်ငန်း၊ ခက်နန်မြို့ရှိ စားသောက်ဆိုင်လုပ်ငန်း၊ အထည်ချုပ်စက်ရုံ၊ ခေါနန်မြို့ရှိ အုတ်စက်ရုံ၊ ခွေးမင်မြို့ရှိ အိမ်အကူလုပ်ငန်း၊ ဟူးရန်မြို့ရှိ ဂျုံစက်ရုံလုပ်ငန်း၊ ဟွာနန်မြို့ရှိ ပန်းရံလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိရာမှ နယ်မြေကျော်ဝင်ရောက်မှုဖြင့် တရုတ်ရဲမှ ဖမ်းဆီးပြီး ပြစ်ဒဏ်များကျခံခဲ့ရာမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သူများဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ၁၁၄ ဦးအား ချင်းရွှေဟော် ပြည်သူ့ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးပေခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်ဝင်းမြင့်နှင့်အဖွဲ့၏ စစ်ဆေးချက်အရ ၎င်းတို့မှာ လူကုန်ကူးခံရသည့် ဖြစ်စဉ်များ မရှိကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။

 

ရွှေ့ပြောင်းလုပ်သား ၁၁၄ ဦးအား ကိုဗစ်-၁၉ ကော်မတီ၏ စောင့်ကြည့်စစ်ဆေးမှုခံယူရန် ရပ်ကွက်()ရှိ အခြေခံပညာ အထက်တန်းကျောင်း ယာယီ Quarantine Centre နှင့် ရပ်ကွက်()ရှိ ယာယီအဆောက်အအုံသို့  ပို့ဆောင်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများ ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကာ Negative ရလဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူမောင်မောင်(ပြန်/ဆက်)