တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ရန်စောင့်ဆိုင်းနေကြသည့် မူဆယ်-(၁၀၅)မိုင်ကြားရှိ ကုန်တင်ယာဉ် မောင်းများကို နှားခေါင်းစည်းများ(အခမဲ့)ဖြန့်ဝေပေး

မူဆယ် ၁၃ မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့်(၁၀၅)မိုင်ကြားတွင်  တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြသည့် ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များကို မေလ(၁၃)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် မူဆယ်ခရိုင်၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး ချစ်စိန်ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်း မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးသည်။

 

507

 

တရုတ်နိုင်ငံဘက်ကို ဝင်ရောက်မယ့်ကုန်တင်ယာဉ်တွေဟာ မူဆယ်မြို့လမ်းကြောင်းတစ်လျှောက်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်ပွားဘဲ ယာဉ်သွားလာမှုစနစ်တစ်ကျဖြစ်အောင် ထိန်းသိမ်းပေးရသလို တစ်ဖက်က လည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် အသိပညာပေး လုပ်ငန်းတွေကို မူဆယ်မြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ မူဆယ်မြို့ထဲကို ကုန်တင်ယာဉ်မောင်းတွေ ဝင်ရောက်လာ တဲ့အခါမှာ နှာခေါင်းစည်းတွေ အဆင်သင့် တပ်ဆင်နိုင်ရန် အတွက် မြေပြင်မှာသွားရောက်ပြီးတော့ ဝေငှပေးရခြင်းဖြစ်ပါတယ်လို့ မူဆယ်ခရိုင်၊ အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးချစ်စိန်က ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရန် တရုတ်နိုင်ငံ ဘက်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးရခြင်း အကြောင်းကို ပြောကြားသည်။

 

မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်၊ တားဆီးထိန်းချုပ်နိုင်ရန်အတွက် မူဆယ်ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများနှင့် အလှူရှင်များက ထောက်ပံ့လှူဒါန်းပေးအပ်ထားသည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို မူဆယ်မြို့၊ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတစ်ဆင့် မြေပြင်တွင် ပြည်သူလူထုများအသုံးပြုနိုင်ရန်အတွက် လက်တွေ့ဖြန့်ဝေပေးခြင်းဖြစ်သည်။ ဆက်လက်ပြီး မူဆယ်မြို့၊ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုက မူဆယ်မြို့၊ မြို့တွင်း၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ရပ်ကွက်တစ်ချို့တို့တွင် အိမ်တိုင်ရာသွားရောက်၍ ကျန်းမာရေး အထောက်အကူ ပစ္စည်းများကို လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိသည်။

 

8965

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နှင့်(၁၀၅)မိုင်ကြားတွင်  တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ရန် ကုန်တင်ယာဉ် စုစုပေါင်း (၅၀ဝ)စီးခန့်စောင့်ဆိုင်းနေကြပြီး အဆိုပါကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအနေဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများကို မူဆယ်ခရိုင်၊ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ (၄)ရက်ကြာ အခမဲ့ ဖြန့်ဝေနေပြီဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)