တရုတ်မုန်ညင်း ဈေးကောင်းသဖြင့်  စိုက်ပျိုးသူများ အဆင်ပြေ

ကောလင်း  ၁၀  ဧပြီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဒေါင်းမြူးချောင်းကို အခြေခံလျက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တရုတ်မုန်ညင်း ဈေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 


“ရွာမှာ တရုတ်မုန်ညင်းစိုက်ပျိုးတာ ကျွန်တော်နှင့် မမိုးနှစ်ဦးပဲစိုက်ပျိုးတာပါ။  ကျွန်တော်ကတော့ တရုတ်မုန်ညင်း ဧကဝက် စိုက်ပျိုးထားတာပါ။ ဧကဝက်ကို အပင် (၆၀ဝ၀)ဝင်ပြီး ရောင်းချသည်အထိ ပိုးသတ်ဆေးလည်းဖျန်းစရာမလိုဘူး၊ အလုပ်သမားခ၊ မြေသြဇာဖိုး စသည့်ကုန်ကျစရိတ် ၆သောင်းလောက် ကုန်ကျပါတယ်၊ တစ်ပင်ကို(၁)ပိဿာ ၂၀ ကျပ်သားမှ (၁)ပိဿာ(၅၀)ကျပ်သား အထိရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ် ရောင်းချရသဖြင့် အကျိုးအမြတ်က ၁၅ သိန်းခန့်ရရှိတဲ့ အတွက် ဒီနှစ်တော့ စီးပွားရေး အဆင်ပြေပါတယ်” ဟု တရုတ်မုန့်ညင်းစိုက်ပျိုးသူ ဦးအောင်ဝင်းက ပြောသည်။

“တရုတ်မုန်ညင်းစိုက်ပျိုးသူက ရှားတော့ ကျွန်မတို့အခင်းထဲအထိ အခင်းပြတ်လိုက်ဝယ်ရတာ။ ဒီမုန်ညင်းက မုန်ညင်းချဉ်တည်တဲ့သူပဲ ဝယ်တဲ့အတွက် စိုက်ပျိုးတဲ့သူရှားတာ မုန်ညင်းချဉ်တည်ရောင်းချတဲ့သူများပြီး မုန်ညင်းချဉ်တည်ရင် တရုတ်မုန့်ညင်းက စားကောင်းတဲ့အတွက် လူကြိုက်များလာတာပါ” ဟု ဝန်းသိုမြို့နယ် တေဇကျေးရွာမှ မုန်ညင်းချဉ်တည်ရောင်းသူ မတင်တင်လှက ပြောပြသည်။

၎င်းကျေးရွာများတွင် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း တစ်ဦးလျှင် နှစ်ဧကခန့်သာ စိုက်ပျိုးကြပြီး တစ်မျိုးတည်းစိုက်ပျိုးခြင်းထက် သီးနှံမျိုးစုံမျှတစွာစိုက်ပျိုးခြင်းကများကြောင်း သီးနှံ တစ်မျိုးဈေးမကောင်းပါက အခြားဈေးကွက်ကောင်းသော သီးနှံဖြင့် အကျိုးအမြတ်ရရှိရန် ရည်ရွယ်၍ စိုက်ပျိုးကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)