တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၅ အသင်း ထပ်မံရှုံးနိမ့်

၈ ဧပြီ

 

တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့ညနေပိုင်းက တရုတ်နိုင်ငံ၌ ကျင်းပရာ မြန်မာ ယူ-၁၅ အသင်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။ မြန်မာ ယူ-၁၅ အသင်းသည် ဒုတိယပွဲအဖြစ် တာဂျစ်ကစ္စတန် ယူ-၁၆ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ငါးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

 

မြန်မာ ယူ-၁၅ အသင်းသည် ပထမပိုင်းတွင် နှစ်ဂိုးသာပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် သုံးဂိုးပေးလိုက်ရသောကြောင့် ငါးဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် တာဂျစ်ကစ္စတန် ယူ-၁၆ အသင်းသည် နှစ်ပွဲဆက်ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပထမပွဲတွင်လည်း ကာဂျစ္စတန်အသင်းကို ရှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၅ အသင်းသည် ခြေစွမ်းမြင့်မားသည့်အသင်းများနှင့် ယှဉ်ပြိုင်နေရသည့်အပြင် ပြိုင်ဘက်အသင်းများထက် အသက်တစ်နှစ်ငယ်သည့် ကစားသမားများဖြင့် ဖွဲ့စည်းထားသောကြောင့် ခြေစွမ်းပိုင်းကွာဟမှုရှိပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဧပြီ ၁၀ ရက်တွင် ကာဂျစ္စတန် ယူ-၁၆ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း