တရုတ်-အာဆီယံ ယူ-၁၂ ပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်

၅ သြဂုတ် 


တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ တရုတ်-အာဆီယံ ယူ-၁၂ ဖိတ်ခေါ်ပြိုင်ပွဲ Soong Ching Ling Cup 2019 အုပ်စုနောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက တရုတ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ ယူ-၁၂ အသင်း ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။ 


မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုပွဲများတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ခုနစ်မှတ်ဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၂ အသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (ခ) ၌ ပါဝင်ခဲ့ပြီး ကမ္ဘောဒီးယားအသင်းကို သုံးဂိုး-တစ်ဂိုး၊ အင်ဒိုနီးရှားအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဗီယက်နမ်အသင်းနှင့် သုံးဂိုးစီသရေကျကာ၊ ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။


မြန်မာ ယူ-၁၂ အသင်းသည် ဆီမီးဖိုင်နယ်ပွဲအဖြစ် အိမ်ရှင်တရုတ်အသင်းနှင့် တွေ့ဆုံနေပြီး သြဂုတ် ၆ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ သြဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဆီမီးဖိုင်နယ်၊ ညနေပိုင်းတွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲတို့ ကျင်းပမည်ဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း