တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိပဲ ဆေးကုသနေသည့် လုပ်ငန်းများအား စစ်ဆေးကြပ်မတ် အရေးယူပေးရန် လွှတ်တော်တွင် တင်သွင်း

မန္တလေး  ၂ ဧပြီ

 

မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိပဲ ဆေးကုသနေသည့် လုပ်ငန်းများအား စစ်ဆေးကြပ်မတ် အရေးယူပေးရန် တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

 

အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန် က ယခုအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

"တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိပဲ ကုသနေတဲ့ အရပ်အခေါ် ဒေါက်တာရမ်းကုတွေကြောင့် ပြည်သူလူထုမှာ မိမိမှာရှိနေတဲ့ရောဂါမပျောက်ပဲ ငွေရေးကြေးရေး ဆုံးရှုံးမှုတွေရှိတယ်။ အရည်သွေးမရှိတဲ့ ကုသမှုတွေကြောင့် ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ ဒီလို ဒေါက်တာရမ်းကုတွေကြောင့် ရောဂါကိုအချိန်လွန်ပြီး မှ ဆေးရုံဆေးခန်းတွေကို လွှဲပြောင်းတဲ့အတွက် ပြည်သူ့ဆေးရုံတွေ ကျန်းမာရေးဝန်ထမ်းတွေ ထိရောက်တဲ့ကုသမှု နောက်ကျခြင်း၊ လူနာရဲ့အသက် ဆုံးရှုံးရတဲ့အထိ အဖြစ်ပျက်များ ကြုံတွေ့နေရပါတယ်" ဟု ဒေါက်တာညီမင်းဟန် မှပြောသည်။

 

တောင်သာမြို့နယ် တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုလုပ်ရန် သွေးစစ်တဲ့အခါ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံရတဲ့ လူနာများရှိနေတာ တွေ့ရှိရကြောင်း၊ လူ ၅၀ဝ ကိုသွေးစစ်တဲ့အခါ ၂၀၈ ယောက်မှာ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံရမှု တွေ့ရှိရကြောင်း၊  တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိပဲ ကုသနေသည့် သူထံတွင် ရွာသားများက အကြောဆေးသွင်းရာမှ ယခုလိုကူးစက်ခံရနိုင်ကြောင်း သိရှိရသည်။ ၄င်းဆေးကုသသူသည် အကြောဆေးသွင်းရာတွင် အပ်ကိုသာလဲလှယ်ခဲ့ပြီး ဆေးထိုးသည့်ပြွန်ကို မလဲလှယ်ပဲ ကုသခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင်၊ ဇာတ်ကြောတက်သဖြင့် တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိပဲ ဆေးကုသနေသည့်သူထံတွင် ဆေးကုသရာမှာ ရင်သားကိုခွဲပြီးဆေးထည့်ပေးခဲ့ကြောင်း၊ ၄င်း ဆရာသည် မည်သည့်ရောဂါဖြင့် ဆေးကုသစည်ဖြစ်စေ အမျိုးသမီးဆို ရင်သားခွဲပီးဆေးထည့်ပေးခြင်း၊ အမျိုးသားအား ကျောခွဲပြီးဆေးထည့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ယခုလို ဆေးကုသခွင့်လိုင်စင်မရှိပဲ ကုသနေသူများအား စစ်ဆေးကြပ်မတ်အရေးယူပေးရန် အဆိုကိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

 

အိမို့မို့ခိုင်