တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသခြင်း လုပ်ငန်းများအား စစ်ဆေးကြပ်မတ် အရေးယူပေးရန် တိုင်တွန်းကြောင်းအဆို တင်သွင်းမှု အတည်မပြုခဲ့

မန္တလေး ၃ ဧပြီ

 

“မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသခြင်းလုပ်ငန်း လုပ်ကိုင်နေကြသူများအား ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသဖြင့် တစ်နေ့တခြား ပိုမိုများပြားလာသော ဥပဒေမဲ့ ဆေးကုသမှုများအား စစ်ဆေးကြပ်မတ် အရေးယူပေးရန် တိုက်တွန်းကြောင်း အဆို” တင်သွင်းမှုအား အတည်မပြုခဲ့ကြောင်း သိရသည်။

 

အဆိုပါ အဆိုအား အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် (၃)ဦးမှ ပါဝင်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် အဆိုအား မှတ်တမ်းအဖြစ် ထားရှိရန် တင်ပြခဲ့သည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က မှတ်တမ်းအဖြစ် ထားရှိရန် သဘောထားပေးခဲ့သော်လည်း အဆိုရှင်က လွှတ်တော်၏ အဆုံးအဖြတ်ရယူလိုကြောင်း တင်ပြသဖြင့် လွှတ်တော်ဥက္ကဋ္ဌက စက်ခလုတ်နှိပ် ဆန္ဒမဲပေးသည့် နည်းလမ်းဖြင့် လွှတ်တော်၏ သဘောထားရယူရာ ထောက်ခံမဲ ၂၆၊ ကန့်ကွက်မဲ ၂၇၊ ကြားနေမဲ ၈ ဖြင့် ထောက်ခံသူ အရေအတွက် ထက်ဝက် မကျော်သည့်အတွက် အဆိုအတည်မဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

 

ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို နံနက် ၁၀ နာရီမှာ အစီအစဉ် (၁၀)ရပ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးသို့ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

MDN