“တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန်များအား ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ သင်တန်း” များ သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ မူဆယ်၌ကျင်းပ

 

မြန်မာနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်များ တရားမဝင် မှောင်ခိုရောင်းဝယ်မှု အများဆုံးပြုလုပ်သော အဓိကနယ်စပ်မြို့ (၆) မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ယနေ့တွင် မူဆယ်မြို့၌ “တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန်များအား ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ သင်တန်း” ကျင်းပပြုလုပ်သည်။

 

သင်တန်းတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် သယ်ဆောင်လေ့ရှိသော နည်းစနစ်များအကြောင်း၊ လိပ်မျိုးစိတ်များအား မျိုးစိတ်ခွဲခြားခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအား ဆွေးနွေးပို့ချခြင်း၊ မြွေနှင့် သင်းခွေချပ်များ မျိုးစိတ်ခွဲခြားခြင်းနှင့် အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ နည်းလမ်းများ၊ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ရောင်းဝယ်သည့် လမ်းကြောင်းများနှင့် ဈေးကွက်များအကြောင်း၊ ဖမ်းဆီးရမိသော တိရစ္ဆာန်များအား အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်သည့် နည်းလမ်းများ၊ သက်ရှိတိရစ္ဆာန်များအား စီမံခန့်ခွဲပုံအဆင့်ဆင့်၊ ဖမ်းဆီးရမိခြင်းမှသည် ပြန်လည်မျိုးဆက်ခြင်း လုပ်ငန်းစဉ်များ၊ ဖမ်းဆီးရမိသော တိရစ္ဆာန်များအား ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် အချက်အလက်များကို Data Sheets များအတွင်း ဖြည့်သွင်းခြင်းများကို အသေးစိတ် လက်တွေ့သင်ခန်းစာများဖြင့် ဆွေးနွေးပို့ချ သွားမည်ဖြစ်သည်။ 

 

သင်တန်းကို သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့တို့က ပူးပေါင်းဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မူကြီးကြပ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဥပဒေဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် အခြားဆက်စပ်ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါသင်တန်းကို  မြဝတီမြို့၊ ကော့သောင်းမြို့နှင့် တာချီလိတ်မြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ရက် များတွင် မူဆယ်မြို့၌ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ဆက်လက်၍ ဗန်းမော်မြို့နှင့် တမူးမြို့တို့တွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း WCS Myanmar မှသိရသည်။