တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ လူသုံးကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(ကုန်လှောင်ရုံ) အကောက်ခွန်စစ်ဆေးရေးအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ CMP ပစ္စည်းများနှင့် ရောနှော သယ်ဆောင်လာသော ID တွင် ကြေညာထားခြင်းမရှိသည့် ကားတာယာအပါအဝင် လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၇၀,၀၀၀ )ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇန်နဝါရီ ၃၀ ရက်တွင် ကချင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့မှ သတင်းအရ စစ်ဆေးရာတွင် မိုးညှင်းမြို့နယ်၊ နမ့်မွန်း ကျေးရွာအနီးမှ ခွင့်ပြုချက်တစ်စုံတစ်ရာပါရှိခြင်းမရှိဘဲ ဖြတ်သန်းလာသော မော်တော်ယာဉ်(၁၀)စီးနှင့် Back Hole ယန္တရား(၁)စီးကို စစ်ဆေးတွေ့ရှိပြီး မော်တော်ယာဉ်များပေါ်တွင် ပါရှိလာသော လူသုံးကုန် အိမ်သုံးပစ္စည်းများအား ထိန်းသိမ်းထားရှိပြီး စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် တရားမဝင်တင်ဆောင်လာသည့် စက်သုံးဆီ (၄၇၄၃၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၆,၇၄၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇန်နဝါရီ ၃၁ ရက်တွင် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်တွင် ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အကြမ်းစီးဖိနပ်များနှင့် ကားတာယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၃၂)လက်မ တီဗီ(၁၅)လုံးနှင့် အဝတ်လျှော်စက် (၅)လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူပင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးနှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ (၃၆.၃၁၀၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၉၁,၉၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (လိုင်စင်မဲ့) NISSAN DISEL LIGHT TRUCK (၁၀)ဘီး မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဇန်နဝါရီ ၂၈ ရက်၊ ၃၀ ရက်၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၉,၂၅၃,၉၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်