တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်၊ စားသောက်ကုန်၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၇ ရက်နှင့် ၈ ရက်များတွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း တရားမဝင် ကျွန်းတံခါးချပ်များ၊ ကျွန်းခွဲသားများနှင့် ကျွန်းပါကေး အကြမ်းတုံးများ (၉ ဒသမ ၂၆၃၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၇၈,၉၆၀)နှင့် အဆိုပါသစ်များ တင်ဆောင် လာသော မော်တော်ယာဉ်(၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၇၇၈,၉၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ရခိုင်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၈ ရက် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်အတွင်း တရားမဝင် တောင်သရက်ခွဲသား(၂၂ ဒသမ ၃)တန်နှင့် ၃ လက်မလွှဝိုင်း၊ ဂျင်းဒေါင်းအင်ဂျင်၊ ချိန်းဆော(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၆၁,၀၀၀)တို့ကို လည်းကောင်း၊ ဧပြီ ၉ ရက်တွင် သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်း တရားမဝင် တောင်သရက်ခွဲသား (၂ ဒသမ ၇၉၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅,၄၄၀) အားလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ်,၇၅၆,၄၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့သွားရောက်မည့် ကုန်တင်ယာဉ်(၂)စီးပေါ်၌ ‌‌ဒေသထွက် သံတိုသံစအဟောင်း များနှင့် ဖုံးအုပ်သယ်ဆောင်လာသော တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း တစ်စုံတစ်ရာတင်ပြ နိုင်ခြင်းမရှိသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၂၈၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော NISSAN Condor အမျိုးအစား ကုန်တင်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၂၈၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူပင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန် ဦးစီးဌာနက ကြီးကြပ်၍ ပဲခူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးအဖွဲ့က ဧပြီ ၉ ရက်တွင် ညောင်ခါးရှည်နှင့် စစ်တောင်း တံတားကြား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ပဲခူးမြို့သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်(၁)စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိသည့် အကောက်ခွန်မဲ့ ပဲနို့အချိုရည်နှင့် ဆပ်ပြာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၆၀,၀၀၀)နှင့် အဆိုပါ ကုန်ပစ္စည်းများ  တင်ဆောင်လာသော TOYOTA Hilux အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် ညောင်ခါးရှည်နှင့် ဒိုက်ဦးကြား ရှောင်တခင် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့သွားရောက်မည့် ခရီးသည်တင်ယာဉ်(၁)စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၁၅,၀၀၀)နှင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသော NISSAN Caravan အမျိုးအစား မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၈၇၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဧပြီ ၁၀ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင် လာသော အကောက်ခွန်မဲ့ A4စက္ကူထုပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၄၀,၈၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဧပြီ ၇ ရက်၊ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၇,၇၃၁,၂၈၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)