တရားမဝင် ရောင်းချနေသည့် ဓာတ်ဆီများကို ရေသန့်ဘူးခွံအတွင်း လဲလှယ်စဉ် မီးလောင်မှုဖြစ်ပွားရာ တစ်ဉီးသေဆုံးပြီး မီးသတ်ရဲဘော်တစ်ဉီး ဆေးရုံတက်ရောက်ကုသခဲ့ရ

တာချီလိတ် ၃၁ မေ


တာချီလိတ်မြို့တွင် မေ ၃၀ ရက် ညဦးပိုင်းက  မီးလောင်မှုဖြစ်ပွားခဲ့ကာ အမျိုသမီးငယ် တစ်ဦးသေဆုံးခဲ့သည်။

 

2

 


ဖြစ်စဉ်မှာ မေ ၃၀ ရက်နေ့၊ ည ၇ ခွဲမိနစ်ခန့်က တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် ကချင်ရွာနေ မအေးအေးသင်း၏ နေအိမ်တွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်တွင် ဓာတ်ဆီများ (တရားမဝင်) ရောင်းချရန်အတွက် ဓာတ်ဆီပုံးထဲမှ ဓာတ်ဆီများအား ရေသန့်ဘူးခွံများအတွင်း လဲလှယ်ထည့်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


အဆိုပါ ဆိုင်ခန်းအတွင်း မီးလောင်လွယ်သည့် ပစ္စည်းများ အမြောက်အများရှိနေသည့်အတွက် သန္ဓေမီးသတ်တင်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများမှ စုပေါင်းကာ ခက်ခဲစွာငြှိမ်းသတ်ခဲ့ကြရပြီး ည ၉ နာရီခန့်တွင် လုံးဝမီးငြိမ်းသွားခဲ့သည်။


မီးလောင်မှုကြောင့် နှစ်ခန်းတွဲဆိုင်ခန်းနှင့် ဆိုင်ခန်းအတွင်းရှိ အရက်-ဘီယာ-အဖျော်ယမကာများ၊ ပစ္စည်းများ ဆုံးရှုံးခဲ့ကာ အခြားလူနေအိမ်ခြေများသို့ ကူးစက်လောင်ကျွမ်းမှု မရှိခဲ့သော်လည်း ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သူ မစုမွန်ဦး (အသက် ၁၆ နှစ်) မှာ မီးလောင်ခံရကာ သေဆုံးခဲ့ပြီး မီးသတ်ရဲဘော်တစ်ဦးမှာလည်း မီးခိုးမွှန်ကာ အသက်ရှူကြပ်လာသည့်အတွက် တာချီလိတ်ခရိုင် ဆေးရုံကြီးသို့ အမြန်ပို့ဆောင် ကုသမှုခံယူခဲ့ရသည်။


လူတစ်ဦးသေဆုံးခဲ့ရသည့် အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ရှင်ဖြစ်သူ မအေးအေးသင်းအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျှက်ရှိပြီး တာချီလိတ်မြို့နယ်အတွင်း ယခုကဲ့သို့ တရားမဝင်ဓာတ်ဆီရောင်းချမှုများ ရှိနေသည့်အပေါ် သက်ဆိုင်ရာမှ ထိရောက်စွာ ဟန့်တားဆောင်ရွက်နိုင်ရန်လည်း ပြည်သူများမှ ဆန္ဒရှိနေကြကြောင်း သိရသည်။


မောင်ယဉ်ကျေး