တရားမဝင် ကျွန်းသစ်၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ စားသောက်ကုန်နှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၅
    
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်း စစ်ဆေးရေး စခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စိုက်ပျိုးရေးသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၃,၇၆၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်(၁၂)ဘီး ကုန်တင်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၈,၇၆၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
အလားတူ ဧပြီ ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်တင်ယာဉ်(၂)စီးပေါ်တွင် တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂,၈၆၀,၀၀၀) ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
    
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကသာခရိုင်၊ ကသာမြို့နယ် အတွင်း တရားမဝင် ကျွန်းသစ်(၂ ဒသမ၃၉၈)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၆,၄၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
    
သို့ဖြစ်ပါ၍ ဧပြီ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂,၃၀၆,၄၀၀ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။ 

(သတင်းစဉ်)