တရားမဝင် ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ

ဖေဖော်ဝါရီ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ သုံးလုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် RIALTO Porcelain Tile (၃၇၇၁ ဒသမ ၃၆) စတုရန်းမီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉,၅၉၉,၂၈၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Plastic Packing Foil Printed For Soft Drink ကီလိုဂရမ် (၃၅၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉,၈၃၇,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၉,၄၃၆,၂၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

mdn

 

ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်- မန္တလေးလမ်းကြောင်း၊ ကျောက်ဆည်မြို့ရှောင်လမ်းအနီး၌ မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ ကီလိုဂရမ် (၂၇၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၀၀၀,၀၀၀) နှင့် အဆိုပါ ကြက်သွန်ဖြူများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီးနှင့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မန္တလေးမြို့အဝင်၊ မြစ်ငယ်တိုးဂိတ်၌ မော်တော်ယာဉ် နှစ်စီး ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံ ထုတ် Fashion ပါဆယ်အိတ် ကီလိုဂရမ် (၉၉၆၀) ၊ Polyester Cotton Fabric (၆၅၃) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၃၀၆,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီးနှင့် Isuzu Giga Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅,၃၀၆,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောင်မင်္ဂလာ အဝေးပြေးကားဝန်း၊ ရွှေတောင်ရိုးကားဂိတ်နှင့် ကားဝန်းအတွင်း ဝင်ရောက်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Sir Edward’s ဝီစကီ (၄၀၈) ပုလင်း၊ Ostonil Tablets အရိုးအကြောဆေးဘူး (၁၅၀) ၊ Napoli စီးကရက် တောင့် (၅၀၀) ၊ Lactosoy ပဲနို့ ဘူး (၁၄၀၄၀) အပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂,၁၅၂,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ တစ်ရပ်ကွက်ရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Maximus Beer (၁၈၉၆) ဘူး အပါအဝင် ကုန်ပစ္စည်း (၆) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,၉၅၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁,၁၀၂,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅,၈၄၅,၈၈၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်