တပ်ပိုင်မြေအဖြစ် သိမ်းယူသွားသော တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧကအား လုံခြုံရေးအရ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိသော်လည်း ရေဝေရေလဲဧရိယာ ၃၁ ဧကကို အများပြည်သူပိုင်အဖြစ် ပြန်လည် ပေးအပ်သွားမည်

နေပြည်တော် ၁၃ မတ်

 

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်းရှိ အမှတ် (၁၃၁) ခြေလျင်တပ်ရင်းမှ တပ်ပိုင်မြေအဖြစ် သိမ်းယူရာတွင် ပါသွားသော  တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧကနှင့် နမ့်ကုံးရေကန် ရေဝေရေလဲ ဧရိယာ ၃၁ ဧကကို အများပြည်သူပိုင်အဖြစ် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ / မရှိ မေးမြန်းခဲ့သည်။

 

အဆိုပါမေးခွန်းမေးမြန်းခြင်းကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ် ကျေးသီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

 

 

“နမ့်ကုံးရေကန် ရေဝေရေလဲ ဧရိယာ ၃၁ ဧကကို အများပြည်သူပိုင်အဖြစ် ပြန်လည် ပေးအပ်သွားမည်ဖြစ်ပြီး တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧကသည် တပ်ရင်း၏ အဆောက်အအုံများနှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် လုံခြုံရေးအရ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ”ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြန်လည်ဖြေကြားခဲ့သည်။ 

 

အဆိုပါ တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧက မြေနေရာများသည် ယာယီ တောင်ယာစနစ်ဖြင့်သာ စိုက်ပျိုးခဲ့ခြင်းသာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထား မရှိခြင်းကြောင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည် ။

 

“ဒီလိုသိမ်းဆည်းခံရတဲ့အတွက်ကြောင့် ပြည်သူတချို့ကတော့ အဲ့ဒီနေရာဟာ ရွာနဲ့အနီးဆုံးနေရာ ဖြစ်တဲ့အတွက် တောင်ယာမြေကို မှီခိုအားထားပြီး စိုက်ပျိုးလုပ်ကိုင်နေရတော့ အခက်အခဲတော့ ရှိတာပေါ့၊ ကျွန်တော်တို့ ပြည်သူလူထုတွေကတော့ တောသူတောင်သားတွေဖြစ်တဲ့အတွက် ဘာမှနားမလည်ဘူး၊ ဒီမြေတွေကို ပိုင်ဆိုင်မှုပုံစံ လုပ်ရမယ်ဆိုတာလည်း မသိကြဘူး၊ မသိရှိတဲ့အတွက်ကြောင့် ဒီတိုင်းပဲ နေလာကြ တော့ ခုချိန်မှာ သိမ်းဆည်းတဲ့အထဲမှာ ပါသွားတာပေါ့”ဟု ကျေးသီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်က ပြောကြားသည်။

 

ထို့ပြင် အမှတ် (၁၃၁) ခြေလျင်တပ်ရင်းမှ တပ်ပိုင်မြေအဖြစ် သိမ်းယူရာတွင် ပါသွားသော နမ့်ကုံးရေကန်သည် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အဆိုပါ ရေကန်အား ပြန်လည် ပြုပြင်ထိန်းသိမ်းရန်အတွက် ငွေကျပ် ၁၈၇ သန်း ခွင့်ပြုထားကြောင်း သိရသည် ။

 

မျိုးထက်ဦး၊ သူရိန်