တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ Marsun Public Company Ltd. နှင့် I Group Ltd. များသို့ သွားရောက်လေ့လာကြည့်ရှု

နေပြည်တော်  ၁၈   နိုဝင်ဘာ 

 

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲ (Defense & Security 2019) သို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ Marsun Public Company Ltd. နှင့် E-Education လုပ်ငန်းများဆောင်ရွက်နေသည့် I Group Ltd. တို့သို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

 

သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ Marsun Public Company Ltd. ကို ၁၉၈၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောတည်ဆောက်ရေးနှင့် ပြင်ဆင်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ခရီးသည်တင်သင်္ဘောများ၊ ကမ်းတက်ရေယာဉ်များ၊ ရွက်လှေများနှင့် ကင်းလှည့်အမြန်ရေယာဉ်များအပါအဝင် သင်္ဘောပေါင်း ၃၁၀ ကျော်ကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

E-Education လုပ်ငန်းများဆောင်ရွက်နေသည့်  I Group Ltd. သည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံပေါင်းစုံပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရှေးဟောင်း တန်ဖိုးကြီး သမိုင်းဝင်ပန်းချီ ကားများ၊ ရှေးဟောင်း စာပေနှင့်ယဉ်ကျေးမှု အနုသုခုမ လက်ရာများကို အရည်အသွေး မြင့်ကင်မရာများ၊ ခေတ်မီနည်းပညာများဖြင့် ပြန်လည်ပုံနှိပ်ဖြန့်ချိ ထိန်းသိမ်းခြင်း၊ သုတေသနစာတမ်းများ၊ နည်းပညာဆိုင်ရာ ပညာရေးစာအုပ်စာတမ်းများကို E-Library များဖြင့် ပညာဒါနပြု လုပ်ခြင်းနှင့် ထုတ်ဝေဖြန့်ချိရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အာရှပစိဖိတ်ဒေသနှင့် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်၍ ဝန်ထမ်းပေါင်း ၁၂၀ဝ ကျော်ဖြင့် လည်ပတ် လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းနှင့် I Group Ltd.ကို ဦးစီးတည်ထောင်ခဲ့သူမှာ မြန်မာနိုင်ငံဖွား Mr. Pote Narittakurn Le ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက ထိုင်းနိုင်ငံတွင် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

(သတင်းစဉ်)