တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်  ၁၂  ဒီဇင်ဘာ

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်း တပ်ရင်းများအား စစ်ဆေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၂၀) မှ အောင်စစ်သည်ဆု ရရှိသူ  ဗိုလ်လောင်း သော်လွင်ဦး၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ရန်နိုင်ဖြိုး နှင့် စာပေထူး ချွန်ဆုရရှိသူ  ဗိုလ်လောင်း လှိုင်မျိုးသက် တို့အား ဆုများ  ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းဆင်း မိန့်ခွန်း ပြောကြားရာ၌ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်ရာတွင် တပ်မတော်သို့ စတင်ဝင်ရောက် ထမ်းဆောင်သည့် စစ်မှုထမ်းများ၏ ပညာအရည်အချင်း သတ်မှတ်ချက်အား မြှင့်တင်ဆောင်ရွက်သကဲ့သို့ တပ်မတော်၌ တာဝန်ထမ်း ဆောင်နေသည့် တပ်မတော်သားများ၏ ပညာရည်မြှင့် တင်မှုကိုဆောင်ရွက် လျက်ရှိပြီး ယခုကဲ့သို့သော အတတ်ပညာရှင် များကိုလည်း စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ခေတ်မီတပ်မတော် တည်ဆောက်သည့် နေရာတွင် “အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ထူးချွန်သော အင်ဂျင်နီယာ ပညာရှင်များ ဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ မိမိနိုင်ငံ၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာ၊ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်၏ အကျိုးစီးပွား မှန်သမျှအား ထိပါးနှောင့်ယှက် လာမည့် အန္တရာယ်မျိုးစုံကို ကြိုတင်တွက်ဆပြီး လိုအပ်သည့် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်သည့် လုပ်ငန်းများ အပြင် မိမိနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဘဝလုံခြုံမှု၊ အသက်ရှင်သန် ရပ်တည်မှု၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု၊ နိုင်ငံအကျိုးစီး ပွားဖွံ့ဖြိုး တိုးတက်မှုတို့ အတွက် ကြုံတွေ့လာရမည့် အန္တရာယ်မျိုးစုံအား တားဆီးတွန်းလှန်ချေဖျက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အားလုံးကို စုပေါင်းခေါ်ဆိုခြင်းဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရာတွင် နိုင်ငံ အတွက် မရှိမဖြစ်လိုအပ်သည့် “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး” ဆိုသည့် ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေး တာဝန်အဖြစ် တပ်မတော်က အစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ အမျိုးသားရေးတာဝန်ကို သမိုင်းပေးတာဝန် တစ်ရပ်အဖြစ် တပ်မတော်က ထမ်းဆောင်ရာတွင် ခေတ်အဆက်ဆက် ဖြတ်သန်း လာသည့် နိုင်ငံရေးရေစီးကြောင်း၊ လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ရပ်တည်မှု၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းမှု အပြည့်အဝ မရရှိသေးသည့် အခြေအနေများ ကြောင့် ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပျောက်ပျက်မသွားအောင် မိမိတို့ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင် ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင် နိုင်ရန်အတွက် စွမ်းရည်သုံးရပ်ထက်မြက်သည့် ကာကွယ်ရေး အင်အားစုကြီးတစ်ရပ် လေ့ကျင့် ပျိုးထောင်ပြီး စစ်မှန်သည့် မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ယခုမိမိတို့တပ်မတော်၏ အခန်းကဏ္ဍအား ပကတိအရှိတရား အတိုင်းလေ့လာကြည့်လျှင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး၊ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး၊ ခေတ်မီ တပ်မတော် တည်ဆောက်ရေး စသည့် ကဏ္ဍအသီးသီးတွင် အင်တိုက်အားတိုက်ပါဝင် ဆောင်ရွက်လျက် ရှိသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှု များအပေါ် ပြည်တွင်း ပြည်ပဆန့်ကျင်ဘက် အင်အားစုများ၊ အချို့အဖွဲ့အစည်းများက တပ်မတော်၏ အခန်းကဏ္ဍများ လျော့ကျ သွားစေရန်အတွက် နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားမှု များပြုလုပ်ပြီး တပ်မတော် ပြိုကွဲရေးအထိ ဦးတည်ဆောင်ရွက်လာသည်ကို အထူးသတိပြု ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဖြစ်စဉ်ဖြစ်ရပ်များအရ တပ်မတော်ပြိုကွဲသည်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများပါယိမ်းယိ်ုင်သွားပြီး ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်၊ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေး တို့တွင်လည်း လုံခြုံမှုမရှိတော့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီအနေအထားအရ၊ မျက်မှောက် ခေတ်ကာလစစ်ပွဲများ၏ အသွင်သဏ္ဍန်အရ၊ အနာဂတ်စစ်ပွဲများ၏ အလား အလာအရ နိုင်ငံတော်အပေါ် ကျရောက်လာမည့် ပြည်တွင်းပြည်ပအန္တရာယ်များအား ကာကွယ်နိုင်ရန် အတွက် မိမိတို့ တပ်မတော်ကို စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်အဖြစ် ရည်မှန်း ချက်ထားပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် Standard Army ဖြစ်အောင်ဖွဲ့စည်း တည်ဆောက်လျက် ရှိကြောင်း၊ ယခုကဲ့သို့ ခေတ်မီတပ်မတော် အဖြစ် တည်ဆောက်လျက်ရှိသည့် နေရာတွင်   စွမ်းရည်ထက်မြက်သည့်၊ အရည် အချင်းရှိသည့် စစ်သည်များ လိုအပ်သည့်အတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းရည် ထက်မြက်သည့် ခေတ်မီတပ်မတော်ဖြစ်စေရန်အတွက်  လေ့ကျင့်ရေးသည် အဓိကကျ သကဲ့သို့ နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ခေတ်မီ စစ်လက်နက် ပစ္စည်းများ တပ်ဆင် အသုံးပြု ရေးသည်လည်း အရေးကြီးကြောင်း၊  တပ်ဆင်ထားသည် ခေတ်မီစစ်လက်နက် ပစ္စည်းများကို ကိုင်တွယ် အသုံးပြုမည့် စစ်သည်များ စွမ်းဆောင်ရည်မြင့်မားရေးနှင့် စိတ်ဓာတ်ကောင်းမွန်ပြီး ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ရေးသည် အရေးကြီးသည့် အချက်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တပ်မတော်ကို စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် လူ့စွမ်းအား အရင်းအမြစ်သည် အလွန် အရေးကြီးပြီး လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံသည့် Standard Army တစ်ခုအဖြစ် ဖွဲ့စည်း တည်ဆောက်လျက်ရှိကြောင်း ပြောကြားသည်။   

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်း ကိုခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ  မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃) ဦးနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ညပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာ တက္ကသိုလ်ရှိ  ပညာတန်ဆောင်ခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

 (သတင်းစဉ်)