တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲမှသည် တပ်မတော်ဆေးတပ်ဖွဲ့၏ ဂုဏ်ကို ထွန်းလင်းတောက်ပစေလျက် …….

 

 

ညောင်ဦးဖီး၊ ဓာတ်ပုံ - ဥသာ

 

မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်

 

အရိုးရောဂါဘာသာရပ်သည် မြန်မာ့တပ်မတော် ဆေးပညာနယ်ပယ်တွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် ပညာရပ်ဆိုင်ရာတိုးတက်ရေးကို အရိုးရောဂါဆိုင်ရာ ဆေးတပ်ဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်မှု၏ အသီးအပွင့်ကို ရရှိခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါ တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲ မတိုင်မီ အကြိုအလုပ်ရုံဆွေးနွေး ပွဲကို မေ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံ (ခုတင်-၅၀၀) တွင် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် “AO Principle of Fracture Fixation Basic Course” ခေါင်းစဉ်ဖြင့် အတိုင်ပင်ခံ အရိုးခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်း စုစည်းဦးဆောင်မှုဖြင့် ပြည်တွင်း၊ ပြည်ပမှ အရိုးရောဂါဆိုင်ရာ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ပါရဂူများ၊ ပါမောက္ခပါရဂူ ကြီးများ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ပါမောက္ခ ဆရာဝန်ကြီးများ၊ တပ်မတော် ဆေးတက္ကသိုလ် အရိုးရောဂါပညာ ဘွဲ့လွန်ကျောင်းသားများ၊ ဆေးလက်တွေ့ပါရဂူ ကျောင်းသားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခကြီးများ၊ နိုင်ငံတကာမှ ဘာသာရပ်ဆိုင်ရာ အရိုးရောဂါဆိုင်ရာ ပညာရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုသည် မြန်မာ့တပ်မတော်၏ အရိုးရောဂါဆိုင်ရာ ဆေးပညာရပ်တွင် မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေခဲ့ပြီဖြစ်သည်။

 

အဆိုပါ (၂၉) ကြိမ်မြောက် တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲကြီးအတွက် အကြိုအလုပ်ရုံ ဆွေးနွေးပွဲကျင်းပနိုင်ရန် တပ်မတော်ဆေးတပ်ဖွဲ့ အသီးသီးမှ အရိုးပါရဂူများအားလုံးကို စုစည်း ချိတ်ဆက်ဆောင်ရွက်ရသည့်နည်းတူ နိုင်ငံတကာမှ အရိုးရောဂါပါရဂူများနှင့် ဆက်သွယ်၍ Continuous Medical Education တစ်ရပ်အနေဖြင့် ခေတ်မီဆေး ပညာရပ်များနှင့် နည်းစနစ်များကို လက်တွေ့ လုပ်ဆောင်နိုင်ရန် ဆွေးနွေးသင်ကြားပေးနိုင်ခဲ့သော ဆေးပညာနှီးနှောပွဲ အကြိုအလုပ်ရုံ ဆွေးနွေးပွဲကြီး တစ်ခုလည်းဖြစ်ခဲ့သည်။

 

အရိုးရောဂါဆိုင်ရာကုသမှု အဆင့်အတန်းကို စဉ်ဆက်မပြတ် မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာတွင်ရှိသော အရိုးရောဂါဆိုင်ရာပညာရှင်များစုစည်း၍ ၁၉၅၈ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ၌ AO ဟူသောအသင်းကြီးကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ AO အသင်းကြီး၏ ပင်မတာဝန်မှာ ကမ္ဘာတစ်ဝန်းရှိ အရိုးရောဂါ ကုသမှုဆိုင်ရာ လေ့လာရေး နှင့် မူဝါဒကိုချမှတ်သော အသင်းကြီးဖြစ်သည်။ AO အသင်းကြီး၏ ပင်မလုပ်ငန်းတာဝန်သည် ကမ္ဘာတစ်ဝန်းရှိ အရိုးရောဂါဆိုင်ရာကုသမှု အချက်အလက်များအား စဉ်ဆက်မပြတ် သုတေသနပြုဆောင်ရွက်ပြီး ကုသမှုလမ်းညွှန်မူဝါဒများ ရေးဆွဲပေးခြင်းနှင့် ကမ္ဘာ့နေရာ အသီးသီးတို့တွင် AO Course သင်တန်းများ ပို့ချပေးခြင်းဖြစ်သည်။ ယခုလ ဒုတိယပတ်တွင် ကျင်းပမည့် AO Principle of Fracture Fixation Basic Course သည် အရိုးကျိုးခြင်းများကို စနစ်တကျ နည်းမှန်လမ်းမှန်ဖြင့် နည်းပညာမြင့် နည်းစနစ်များအပေါ် အခြေခံ၍ မှန်ကန်စွာခွဲစိတ်ကုသပြီး မူလအတိုင်းအရိုးပြန်ဆက်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ အရိုးကျိုးလူနာများသည် လူမှုအဖွဲ့အစည်းတွင် ပုံမှန်သွားလာလှုပ်ရှားနိုင်သော လူမှုသုခနှင့် လူမှုဘဝအရည်အသွေး (Quality of Life) ကို ပြန်လည် ရရှိစေမည်ဖြစ်သည်။ AO Course သင်တန်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျင်းပ ပြုလုပ်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ခေတ်မီ နည်းပညာပိုင်းဆိုင်ရာနှင့် လက်တွေ့သင်ကြားမှုအတွက် သင်ထောက်ကူ ပစ္စည်းများဆိုင်ရာ တန်ဖိုးကြီးမားပြီး ကန့်သတ်ချက်များရှိသောကြောင့် လက်လှမ်းမီ ကျင်းပရန် ခက်ခဲသည့်အတွက် ယခုကဲ့သို့ မြန်မာနိုင်ငံတွင် တပ်မတော်ဆေးတပ်ဖွဲ့မှ ဦးစီး ကျင်းပနိုင်ခြင်းသည် တပ်မတော်၏ပုံရိပ်ကို အရှေ့ရပ်မှနေဝန်းကြီး ပေါ်ထွန်းစေသည့်ပမာ လင်းလက်စေလျက်ရှိပြီး နိုင်ငံ၏ဂုဏ်ကိုမြှင့်တင်စေလျက်ရှိသည်။

 

ဆေးတပ်ဖွဲ့၏ ဂုဏ်ကိုဆောင်နိုင်ခဲ့

 

မြန်မာ့တပ်မတော်သည် တိုက်ပွဲအတွင်းထိခိုက် ဒဏ်ရာပြုစုကုသမှု (Combat Injury Manage- ment) နှင့် ပတ်သက်လျှင် အတွေ့အကြုံများသော ဆေးတပ်ဖွဲ့ဖြစ်သည်။ ထို့ကြောင့် အလုပ်ရုံဆွေးနွေးပွဲတွင် တည့်သွင်းကျင်းပသည့် အာဆီယံအဆင့် အရိုးဆရာဝန်များနှင့် ပြုလုပ်သည့် Webinar ဆွေးနွေးပွဲတွင် တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာ (Com-bat Injury) နှင့် ဆက်စပ်အရိုးကျိုးခြင်းနှင့် ပတ်သက်၍ ဦးဆောင်ကဏ္ဍမှ ဆွေးနွေးနိုင်ခဲ့ခြင်းသည် မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့၏ ဂုဏ်ကို ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါလှိုင်းများ ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးအကာအကွယ် ပေးနိုင်မှု အင်္ဂါစဉ် အခြေခံအဆင့် (Low level echelon) မှ ပါရဂူဆေးမှူးငယ်များကို Telemedicine နည်းပညာသုံး ပလက်ဖောင်းများမှ တစ်ဆင့်လိုအပ်သော ဆေးဝါးကုသမှုဆိုင်ရာ အကြံဉာဏ်နှင့် စွမ်းဆောင်ရည်တို့ကို လက်ဆင့်ကမ်း ပေးနိုင်ခဲ့သည်။ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ပြုစုကုသမှုနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများသည် မည်သည့်နေရာတွင် ဖြစ်စေဆောင်ရွက်နိုင်ပြီး လုပ်ကိုင်ဆောင်ရွက်ရန် အခက်အခဲရှိလာပါက Telemedicine နည်းပညာနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးနိုင်စေရန်နှင့် သုတေသနတွေ့ရှိချက်များကို အလားတူ ညီလာခံများတွင် ဖတ်ကြားတင်သွင်းနိုင်ရန် နယ်ပယ်ဒေသအသီးသီးမှ မျိုးဆက်သစ် အရိုးရောဂါပါရဂူများအား လှုံ့ဆော် လမ်းညွှန် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီးအား နိုင်ငံတကာ အဆင့်မီဆေးရုံကြီးအဖြစ် ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်မှုပင် ဖြစ်သည်။

 

ယခင်ကပင် အရိုးရောဂါဆိုင်ရာ ခွဲစိတ်ကုသမှုများနှင့် ရလဒ်များအား သုတေသနပြုလုပ်ခဲ့ကြသည်။ အလုပ်ရုံ ဆွေးနွေးပွဲနှင့် ဆေးပညာနှီးနှော ဖလှယ်ပွဲများပြုလုပ်ခြင်းသည် သုတေသနလုပ်ငန်းများအား တပ်မတော်ဆေးသုတေသနနှင့် ပြည်တွင်း၊ ပြည်ပ ပေါင်းစပ်ဆောင်ရွက်နိုင်မှုဖြင့် တပ်မတော်၏ တိုက်စွမ်းအား ( Combat Power) ကို အထောက်အပံ့ဖြစ်စေမည့် သုတေသနလုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ နိုင်ငံတကာအဆင့်မီ အရိုးရောဂါဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုဆောင်ရွက်ရန် အခက်အခဲများစွာရှိပြီး ပြည်တွင်း၊ ပြည်ပ ပါမောက္ခ ဆရာဝန်ကြီးများနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အရိုးပါရဂူများအားလုံး လွှမ်းခြုံလေ့လာနိုင်ရန် အချိန်ယူ ဆောင်ရွက်ရခြင်း၊ စာတွေ့ လက်တွေ့ သင်ခန်းစာများလေ့ကျင့်နိုင်ရန် အရိုးတုနှင့် အရိုးခွဲစိတ်မှု သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ ပြင်ဆင်မှုလုပ်ငန်းတို့တွင် ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ နိုင်ငံတကာတွင် အဆိုပါပွဲများ တက်ရောက်နိုင်ရန် ငွေကြေးကုန်ကျမှုရှိသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် အသိပညာအတွေ့အကြုံများကို တပ်မတော်ဆေးတပ်ဖွဲ့မှ အောင်မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ခြင်း တို့သည် တပ်မတော် အရိုးကုဆရာဝန်များ၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်လျက်ရှိသည်။ အထူးသဖြင့် ဆေးပညာ နှီးနှောဖလှယ်ပွဲကြီး (Main Conference)၏ ပုံရိပ်ကို တန်ဖိုးမြင့်မားစေလျက်ရှိရာ မြန်မာ့တပ်မတော် ဆေးပညာ၏ စွမ်းရည်မြင့်မားမှုကို နိုင်ငံတကာ အဆင့်မီကြောင်း ထုတ်ဖော် ပြသနိုင်ခဲ့ပြီဖြစ်သည်။

 

ထို့ကြောင့် လူ့ခန္ဓာကိုယ်တွင် ဆေးပညာနှင့် ခွဲစိတ်ကုသမှုတို့အတွက် ကျန်းမာရေးကုသမှုအပိုင်းသည် အရေးပါသောကြောင့် အောင်မြင်စွာကုသနိုင်ရန် သုတေသနလုပ်ငန်းသည် အထူးလိုအပ်ခြင်းဖြစ်သည်။ သုတေသနလုပ်ငန်း၏ အသီးအပွင့်သည် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများဖြစ်သောကြောင့် တပ်မတော် ဆေးတပ်ဖွဲ့အနေဖြင့် နှီးနှောဖလှယ်ပွဲများနှင့် သုတေသနလုပ်ငန်းသည် အပြန်အလှန် အမှီပြုနေမှုကို ဆက်လက်ဖော်ဆောင် ကျင်းပခြင်းဖြင့် နိုင်ငံ၏ဆေးပညာနှင့် တပ်မတော်၏ ဆေးပညာရပ်သည် ဒေသတွင်းနိုင်ငံများကြား၌ ဂုဏ်သတင်း ထွန်းလင်းနေမည်ဖြစ်သည်။ တပ်မတော် ဆေးတပ်ဖွဲ့အား စတင်တည်ထောင်ခဲ့ကြသော ဆေးတပ်ဖွဲ့၏ မိခင်၊ ဖခင်ကြီးများသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုမှစတင်၍ ကိုယ်ကျိုးမဖက် မိမိတို့ တတ်သိသောပညာဖြင့် နိုင်ငံလွတ်လပ်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ခဲ့ကြသော တပ်မတော်ဆေးတပ်ဖွဲ့ဖြစ်သည်။ ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်စေရန်နှင့် ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စွမ်းရည်ထက်မြက်သော ကုသမှုဆိုင်ရာများကို ကြိုးပမ်းရှာဖွေနေမည့် တပ်မတော်ဆေးတပ်ဖွဲ့အား ပြည်သူနှင့်တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် အစဉ်လေးစား ဂုဏ်ယူနေမည်ဖြစ်ပြီး မြန်မာ့တပ်မတော်၏ဂုဏ်ကို အစဉ်ထွန်းလင်းတောက်ပစေလျက်ရှိ နေပါကြောင်း (၂၉) ကြိမ်မြောက် တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုရေးသား အပ်ပါသည်။