တပ်ကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်း နှင့်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၃

ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍ မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တပ်ကုန်းမြို့နယ်၌ စတုတ္ထနေ့အဖြစ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသ ခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်း နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးကြကာ မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို မဲဆန္ဒရှင်များ ကိုယ်တိုင်ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

စမ်းသပ်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကို နည်းစနစ်တကျ ကိုင်တွယ်နိုင်ပြီး မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာ မဲပေးနိုင်ခြင်း၊ မဲရလဒ် များ မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲ မရှိတော့ခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်းတို့ကို လက်တွေ့သိရှိရသည့်အတွက် မဲပေးစက်အပေါ် ယုံကြည်သဘောကျ နှစ်ခြိုက်မှုရှိကြသည်။

အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ညောင်လွန့်ကျေးရွာ အုပ်စု၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ အင်ပင်ကျေးရွာအုပ်စု၊ ကြိုးကြာအင်းကျေးရွာအုပ်စု၊ တဲမြင့် ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာအုပ်စုနှင့် သစ်ဆိန်ပင်ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်