တပ်ကုန်းမြို့နယ်၌  ကျေးရွာမတည်ရန်ပုံငွေများ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးပေး

mdn

တပ်ကုန်း       ဩဂုတ်       ၅

 

နေပြည်တော်တပ်ကုန်းမြို့နယ် သာယာအေးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၏ မတည်ရန်ပုံငွေများ ဒုတိယအကြိမ် ပြန်လည် ထုတ်ချေးပေးခြင်းကို ဩဂုတ် ၄ရက် နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဓမ္မာရုံအတွင်း၌  ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

 

ကျေးရွာမတည်ရန်ပုံငွေထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက  နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူဖြစ်စေရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူ ရေးထုတ်လုပ်သူများနှင့်အသေးစား စီးပွားရေးလုပ်ကိုင်သူများ လိုအပ်သောငွေကြေးအရင်းအနှီး များ ရရှိစေရန်၊ ထုတ်ချေးပေးလိုက်သောငွေကြေးများနှင့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်စေရန် ၊ဒုတိယအကြိမ်ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

အဆိုပါကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေး နှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၏ ဒုတိယနှစ်စက်ဝန်းအဖြစ် ရွာသစ်ကျေးရွာတွင်  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၁၂၅)ဦးအတွက် ငွေကျပ်(၂၀၇)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၈၂)ဦးအတွက် ငွေကျပ်(၁၀၁)သိန်း၊ စုစု ပေါင်း အသင်းသူ၊အသင်းသား(၂၀၇)ဦး၊ ထုတ်ချေးငွေပေါင်း(၃၀၈)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

 တင်စိုးလွင်(ပြန်ဆက်)