နေပြည်တော် ဒီဇင်ဘာ ၁၄

တပ်ကုန်းမြို့နယ်အတွင်း “နွေစပါး၊ ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ဟင်းသီး၊ ဟင်းရွက်သီး နှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ နှင့် နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နက်ပိုင်းက တပ်ကုန်းမြို့၊ အောင်ဆန်းခန်းမ၌   ကျင်းပသည်။ 

အခမ်းအနားသို့ စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန တို့မှတာဝန်ရှိသူများ ၊ နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ခရိုင်နှင့်မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ ၊ တောင်သူနည်းပညာပေး ဝန်ထမ်းများ၊ သုတေသီများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ ၊ တပ်ကုန်းမြို့ နယ်အတွင်းရှိ ဆရာစံ၊ ဗိုလ်မင်းရောင်၊ ရေအေး၊ ညောင်တုန်းအိုင်၊ အလယ်ကျွန်း၊ ဥသျှစ်ကုန်း၊ မကျီးပင်၊ ကြက်သွန်ခင်း၊ နွယ်ရစ်၊ ရွေးစု၊ အောင်မြေရိပ်သာ စသည့် ကျေးရွာအုပ်စု (၁၁)စုတို့မှ တောင်သူ များ တက်ရောက်ကြသည်။

ဉီးစွာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နေပြည်တော်ကောင်စီနယ်မြေကို  စံပြဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  တပ်ကုန်းမြို့နယ်အတွင်း ဝါစိုက်ပျိုးရာနေရာများ၌ တစ်ဧက သတ်မှတ်အထွက်နှုန်းရရှိရေး၊ အထွက်နှုန်းတိုးတက်ရေးကို တောင်သူများနှင့်ပညာရှင်များ အတူတကွ လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ အလားတူ စိုက်ပျိုးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသုံးစွဲသူများအဖွဲ့ WUG တောင်သူ အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တာဝန်ရှိသူများက နေကြာသီးနှံအထူး အထွက် တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊  စပါးပင်၏ ဘေးထွက်ပစ္စည်းများ အသုံးပြု၍ တီမွေးမြူခြင်းနှင့် တီကျစ်စာမြေဆွေးထုတ်လုပ်ခြင်း ၊ ရာသီဥတုဒဏ် ခံနိုင်သောစပါးမျိုးများ၊ အထွက်ကောင်း အရည်အသွေးကောင်း ပြည်တွင်းပြည်ပ ဈေးကွက်ဝင် စပါးမျိုးသစ်များနှင့်ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဝါသီးနှံ တစ်ဧက အထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေးကောင်း ဝါဂွမ်းများရရှိရေး၊ ချဉ်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်နှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ် လျော့ချသည့် နည်းလမ်းများ၊ မြေဆီလွှာ ကျန်းမာရေးကောင်းမွန်စေရန်နှင့် အထွက်နှုန်းတိုးတက်စေရန် ဘက်စုံအဟာရ စီမံခန့်ခွဲခြင်း ဆိုင်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေး ပညာရှင်က တိုင်းရင်းကြက် မွေးမြူရေးခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။

ပညာရှင်များ၏ တင်ပြဆွေးနွေးချက်များကို တောင်သူများက သိရှိလိုသည်များ ပြန်လည် ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပြီး အက်ဆစ်သုံး၍ ဝါစေ့ အမွေးချွတ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

သတင်းစဉ်