မန္တလေး မတ် ၂

 

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ရက်အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ့ (တပေါင်းပွဲတော်)တွင် မန္တလေးမြို့ရှိ တန်ခိုးကြီး ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကား‌လျက်ရှိသည်။

 

နံနက်ပိုင်းမှစတင်၍ မန္တလေးမြို့ရှိ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများသည် မဟာမုနိရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြကာ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည်။

 

ထို့အတူ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေကျီးမြင်မြတ်စွာဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရားနှင့် အောင်တော်မူဘုရား၊ ဘုရားနီဘုရားတို့၌လည်း ပြည်သူများက ကုသိုလ်ပြု ဆုတောင်းခြင်း၊ ဘုရားစေတီများ၏ အေးချမ်းသည့် အရိပ်အာဝါသအောက်တွင် တရားဘာဝနာပွားများ အားထုတ်ခြင်းတို့ကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်ကြသည်ကို တွေ့မြင်ရသည်။

 

ထို့ပြင် မန္တလေးတောင်တော် ဆုတောင်းပြည့် မြတ်စွာဘုရားနှင့် အနီးဝန်းကျင်ရှိ စေတီပုထိုးများ၌လည်း ဗုဒ္ဓပူဇနိယပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ကုသိုလ်ပြု ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားခဲ့သည်။

 

မန္တလေးမြို့ခံ ကို‌ကျော်မင်းထွန်းက “ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တပေါင်းလပြည့်နေ့ အခါသမယမှာ အခုလို မိသားစု၊ ဆွေမျိုး မိတ်ဆွေတွေနဲ့အတူ ဘုရားဖူးမြော်ခွင့်၊ ကုသိုလ်ကောင်းမှုပြုခွင့်ရတဲ့အတွက် ဝမ်းမြောက်ကြည်နူးရပြီး စိတ်နှလုံးအေးချမ်းရပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ရိုးရာအစဉ်အလာမပျက် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့ ရွှေစာရံဘုရားပွဲတော်ကြီးမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူး ပြည်သူတွေ၊ တိုင်းရင်းသားတွေနဲ့အတူ တစ်ခဲနက် ပါဝင်ဆင်နွှဲရတဲ့အတွက် ကြည်နူးပီတိဖြစ်ရပါတယ်။ ဒီလို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မျိုးဆက်သစ်လူငယ်တွေ သိရှိနားလည်ပြီး ပါဝင်ဆင်နွှဲတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဘုရားဖူးပြီးရင် ရိုးရာပွဲဈေးတန်းတွေနဲ့ ဒေသထွက်ကုန်တွေကို လေ့လာဝယ်ယူမယ်၊ ဒုဋ္ဌဝတီမြစ်အတွင်းမှာ ရေကစားပြီး မိသားစုနဲ့အတူ ပျော်ရွှင်စွာ အပန်းဖြေ အနားယူသွားပါမယ်ဟု ပြောသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် သစ္စာအဓိဋ္ဌာန်အောင် ရွှေစာရံဘုရားကြီး၏ (၇၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မန္တလေးမြို့သူ မြို့သားများနှင့်အတူ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၊ အနီးပတ်ဝန်းကျင်ရှိ ရှမ်းတိုင်းရင်းသားများပါ လာရောက်ဆင်နွှဲကြသဖြင့် အထူးစည်ကားလျက်ရှိသည်။

 

အဆိုပါဘုရားပွဲတော်တွင် ရိုးရာပွဲဈေးတန်းများအပြင် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။

 

ပွဲဈေးတန်းအတွင်း တောင်ပေါ်မြေပြန့် ဒေသထွက်စားသောက်ကုန်များ၊ မြန်မာ့ချည်ထည်ဝတ်စုံနှင့် အထည်အမျိုးမျိုး၊ ကျေးလက်ဒေသထွက်ကုန် သီးနှံများ၊ ဆေးဖက်ဝင်အပင်များ၊ အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ရိုးရာမုန့်အမျိုးမျိုးနှင့် အမှတ်တရပစ္စည်းများကို နွားလှည်းများ၊ မော်တော်ယာဉ်များနှင့် ဆိုင်ခန်းများဖြင့် စနစ်တကျ ခင်းကျင်းရောင်းချပေးလျက်ရှိရာ ပွဲတော်လာပြည်သူများက အမှတ်တရ ဝယ်ယူကြသည်။

 

ထို့ပြင် ဘုရားအနီးရှိ ဒုဋ္ဌဝတီမြစ်အတွင်း ရေချိုးဆော့ကစားခြင်း၊ လှေစီးခြင်းနှင့် အပန်းဖြေ အနားယူခြင်းတို့ ဆောင်ရွက်ကြသည့် ဘုရားပွဲလာပြည်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သတင်း - မင်းထက်အောင် (မန်းကိုယ်ပွား)

ဓာတ်ပုံ - ဇာနည်ကိုကို(ပြန်/ဆက်)