တပေါင်းလပြည့်နေ့တွင် ဒလ-ကျိုက်လတ်ခရီးစဥ် ယာဉ်လိုင်း အခမဲ့ကုသိုလ်ယူ ပြေးဆွဲ

ဒလ ၈ မတ် 

ဒလမြို့မှ ကျိုက်လတ်မြို့သို့ ခရီးသည် ပို့ဆောင်ပြေးဆွဲလျက်ရှိသော ပိုင်ဧရာယာဥ်လိုင်းမှ တပေါင်းလပြည့်နေ့ (မတ်လ ၈ ရက်) နေ့တွင် ခရီးသည်များအား အခမဲ့ကုသိုလ်ယူ ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

ပိုင်ဧရာယာဥ်လိုင်းသည် ယာဥ်လိုင်းစတင်ပြေးဆွဲသည့် အချိန်မှစ၍ လပြည့်/လကွယ် ဥပုသ်နေ့တိုင်း ခရီးစဥ်အား အခမဲ့ကုသိုလ်ယူ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ယာဥ်လိုင်းအနေနဲ့ ယာဥ်လိုင်း စပြီးပြေးဆွဲကတည်းက ဉပုသ်နေ့တွေမှာ အခမဲ့ပြေးဆွဲပေးတာ (၆)ကြိမ်ရှိပါပြီ၊ ခရီးသည်တွေကို ယာဥ်လိုင်းက ကုသိုလ်ယူ ပြေးဆွဲပေးတာပါ”ဟု အခမဲ့ ပြေးဆွဲပေးခြင်းနှင့် ပတ်သတ်၍ အဆိုပါယာဥ်လိုင်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

အခမဲ့ကုသိုလ်ယူ ပြေးဆွဲသည့်နေ့များတွင် ပုံမှန်ယာဥ်လိုင်းခရီးစဥ်များအတိုင်း နံနက် ၆ နာရီ ၁၅ မိနစ်မှ ညနေ ၅ နာရီ ၁၅ မိနစ်အထိ နာရီဝက်လျှင် ယာဥ်တစ်စီးနှုန်း ပြေးဆွဲပေးပြီး ကြို/ပို့စနစ်လည်း စီစဥ်ပေးထားကာ ယာဥ်ကြီး(၁၄)စီးဖြင့် ပြေးဆွဲပေးကြောင်း သိရသည်။

“ဒလ-ကျိုက်လတ် ခရီးစဥ်မှာ ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေလည်း ရှိတဲ့ကြားက ခုလို ဉပုသ်နေ့တွေမှာတော့ အခမဲ့ပြေးဆွဲပေးတာ ပိုင်ဧရာကျော် ယာဥ်လိုင်းတစ်ခုပဲ တွေ့သေးတယ်၊ သူ့ယာဥ်လိုင်း သူ့မူအရ အခမဲ့ပြေးဆွဲနေမှာပေါ့၊ ကျနော်တို့လို ခရီးသည်တွေကတော့ နေ့တိုင်းအခမဲ့ပြေးဆွဲပေးရင် ပိုကြိုက်တယ်လေ"ဟု ကျိုက်လတ်မြို့မှ ကိုနေမင်းက ပြောသည်။

ပိုင်ဧရာယာဥ်လိုင်းအနေဖြင့် ဒလ-ကျိုက်လတ် ခရီးစဥ်တွင် ပုံမှန်ယာဥ်စီးခမှာ ဒလ-ဖျာပုံံ (၂၀၀၀ ကျပ်နှုန်း)၊ ဒလ-ကျိုက်လတ် (၃၀၀၀ ကျပ်နှုန်း)ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ယာဥ်လိုင်း၏ ဝန်ဆောင်မှုများအဖြစ် ခရီးသည်များအား ကြို/ပို့စနစ် စီမံဆောင်ရွက်ပေးကြောင်း၊ အခမဲ့ ကုသိုလ်ယူပြေးဆွဲသည့် နေ့များတွင် ယာဥ်လိုင်းအနေဖြင့် ခရီးသည်များအား သင်္ဘောဆိပ်၊ ကားဂိတ်နှင့် သမ္ဗန်ဆိပ်များတွင် ခရီးကြိုသူများမှ ခရီးသည်များအား ကြိုဆိုခေါ်ဆောင်မှု မပြုလုပ်ကြောင်းလည်း သိရသည်။

ဒလမြို့မှ ဧရာဝတီတိုင်းရှိ မြို့နယ်များ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် တွံတေးမြို့နယ်များသို့ ယာဥ်ကြီးများဖြင့် ခရီးသည်ပို့ဆောင်ပြေးဆွဲသည့် ယာဥ်လိုင်းများရှိသော်လည်း ဒလ-တွံတေးသို့ ခရီးသည်ပို့ဆောင်ပြေးဆွဲသည့် စံဝေလ အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ အခါကြီး ရက်ကြီးများတွင် တွံတေးမြို့သို့ အခမဲ့ပို့ဆောင်ပေးမှုရှိခဲ့ကြောင်း၊ ယခု ပိုင်ဧရာယာဥ်လိုင်းမှ လပြည့်လကွယ် ဉပုသ်နေ့များတွင် အခမဲ့ခရီးသည်များ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မောင်ယဥ်ဦး(ဒလ)