တွံတေးမြို့နယ်တွင် အမည်မသိ အမျိုးသားအလောင်းကို စစ်ဆေးဖော်ထုတ်ရာမှ လူသတ်မှုကျူးလွန်သူ ဖော်ထုတ်ဖမ်းဆီးရမိ

တွံတေး  ၁   မတ် 

တွံတေးမြို့နယ်တွင် အမည်မသိ အမျိုးသား အလောင်းကို စစ်ဆေးဖော်ထုတ်ရာမှ လူသတ်မှု ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကရင်ချောင်းကျေးရွာအနီး၊ ခတ္တိယ-ပဒံရေကျော်သွား ကားလမ်းဘေးရေမြောင်းအတွင်း၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် ည ၁၁ နာရီခွဲက ပုပ်ပွသေဆုံးနေသော အလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ ခတ္တိယရဲကင်းစခန်းမှ တပ်ဖွဲ့ ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အမည်မသိ၊ အသက်(၃၀)နှစ်ခန့် အမျိုးသား အလောင်းတစ်လောင်းအား ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ဆောင်၍ ခလောက်ချိုက်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၉ ဖြင့် စစ်ဆေးခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်အား စုံစမ်းရာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင်  မအူပင်မြို့နယ်နေ စောနေအောင်(ခ)နေအောင်(ခ)အညာသား အား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာ ၎င်း၏ပြောဆိုချက် အရ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက် ည ၆ နာရီခွဲက လှိုင်သာယာမြို့နယ်၊ ဆင်နှစ်ကောင်ဂိတ်၌ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ သက်အောင်(၂၄)နှစ်အား တွံတေးမြို့နယ်၊ အဘေရွာသို့ ခရီးသည် တစ်ဦးကို သွားရောက်ကြိုရမည်ဖြစ်၍ အတူသွားရောက် ခေါ်ရန် ဖုန်းဆက်ခေါ်ဆိုခဲ့ကြောင်း၊ ယင်းနောက် သက်အောင် မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ရာ တွံတေးမြို့နယ်၊ ကရင်ချောင်း ကျေးရွာအနီး၊ ခတ္တိယ-ပဒံရေကျော်သွား ကားလမ်း ဘေးအရောက်တွင် ၎င်းမှ အပေါ့သွားမည်ဟုပြော၍ ဆိုင်ကယ်ပေါ်မှဆင်းပြီး သက်အောင်ဆောင်းထားသော ဆိုင်ကယ်စီး ဦးထုပ်အား ဆွဲလှန်ကာ ခါးကြား၌ အသင့်ယူဆောင် လာသောတူဖြင့် နောက်စေ့အားရိုက်ရာ အခင်းဖြစ် နေရာ၌ သေဆုံးသွားသဖြင့် ရေမြောင်းထဲသို့ တွန်းချခဲ့ပြီး ဆိုင်ကယ်အား မောင်းနှင်ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသဖြင့် စောနေအောင်(ခ)နေအောင်(ခ) အညာသားအား ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၄၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)