တန်ဖိုးရှိသည့် အင်အားများ

၅ ဖေဖော်ဝါရီ

 

လူငယ်ဘဝသည် လူတစ်ဦး၏ ဘဝအစပိုင်းကာလဖြစ်သည်။ ပထမ အရွယ်ဖြစ်၍ ပညာရှာသည့်အရွယ်လည်းဖြစ်သည်။ သို့ရာတွင် လူငယ်ဘဝ ပထမအရွယ်မှာပင် ကံအကျိုးပေးမလှ၍ မိဘမဲ့ဘဝသို့ ရောက်သွားကြရသူများ၊ မိဘနှစ်ဦး သို့မဟုတ် တစ်ဦးဦးတို့ရှိသည့်တိုင်အောင် မိသားစု ပြဿနာများကြောင့် လေလွင့်ကလေးသူငယ်၊ လေလွင့်လူငယ်ဘဝသို့ ရောက်သွားကြရသူများ၊ ဗီဇစရိုက်ကြောင့်ဖြစ်စေ၊ မကောင်းသည့် ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ မူးယစ်ဆေးစွဲ၍ဖြစ်စေ ငယ်ငယ်ရွယ်ရွယ်နှင့် ပြစ်မှုကျူးလွန်ကြကာ ဒုစရိုက်သမားဘဝရောက်သွားကြရသူများ စသည်ဖြင့် ဘဝနောက်ခံအကြောင်း အမျိုးမျိုးတို့ကြောင့် စာသင်ခန်းနှင့်ဝေး၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာနှင့်လည်း ဝေးကြရသူ လူငယ်များစွာတို့ ရှိနေကြသည်။

 

၂၀၁၇ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လူငယ်ရေးရာမူဝါဒတွင် “ကာကွယ်စောင့်ရှောက်မှု ပေးရန် လိုအပ်သော လူငယ်များ (မိဘမဲ့နှင့် အုပ်ထိန်းသူမဲ့၊ လမ်းပေါ် ရေဝက် လေလွင့်လူငယ်များ)” ကို အထူးအလေးပေးစဉ်းစားရမည့် လူငယ် အမျိုးအစားများတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် အထူးအလေးပေးရမည့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လုပ်ငန်းခွင် အတွင်း ခွဲခြားဆက်ဆံခံရမှု ပပျောက်စေရန်၊ သာတူညီမျှရရှိရန်နှင့် လုံခြုံမှုရှိသော လုပ်ငန်းခွင်များ ဖန်တီးပေးရန်ဆိုသည့် သတ်မှတ်ချက်လည်း ပါဝင်နေသည်။ လူငယ်များ၏ ငြိမ်းချမ်းရေး၊ ဘဝလုံခြုံရေး သတ်မှတ်ချက်များတွင်လည်း ရာဇဝတ်မှုနှင့် ပဋိပက္ခများတွင် လူငယ်များ ပါဝင်ပတ်သက်နေ ခြင်းအား တားဆီးကာကွယ်ရန်နှင့် လျှော့ချရေးလုပ်ငန်းစဉ်များတွင် လူငယ်များပူးပေါင်းပါဝင်ရန်၊ ရာဇဝတ်မှုကျူးလွန်ခဲ့သော လူငယ်လူရွယ်များနှင့် ပတ်သက်၍ တရားစီရင်ရေးစနစ်တွင် ထိုက်သင့်သော ပြစ်ဒဏ်နှင့်အတူ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို ဦးစားပေးလုပ်ဆောင်ရန်ဆိုသည့် အချက်များ ပါဝင်ကြောင်း တွေ့ရှိရသည်။

 

မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေအခြေအနေတွင် အလုပ်လုပ်နိုင်သည့် လုပ်အားအရင်းအမြစ်ဖြစ်သော လူငယ်ထုအင်အားအချိုးအစားများ နေခြင်းကြောင့်လူဦးရေဆိုင်ရာ ဆုလာဘ်ကိုရရှိပိုင်ဆိုင်ထားသည် ဟူ၍ပင် ဆိုကြသည်။ သို့ရာတွင် လူငယ်ထုအင်အားမှာ အရေအတွက် အားဖြင့်သာ များပြားနေပြီး ပညာရည်နိမ့်ကျနေခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု တတ်မြောက်ခြင်းမရှိ၊ ကျွမ်းကျင်မှုကင်းမဲ့နေခြင်းတို့အပြင် လေလွင့်လူငယ်များ ဆိုးသွမ်းကာ ပြစ်မှုကျူးလွန်သူများ အရေအတွက် များပြားနေမည်ဆိုပါက မိမိတို့နိုင်ငံ၏ လူဦးရေဆုလာဘ်မှာ အနုတ်လက္ခဏာသာ ပြနေလိမ့်မည်ဖြစ်သည်။ လူငယ်များသည် နိုင်ငံအတွက် အင်အားတစ်ရပ် ဖြစ်လာရန်မှာမူ လူငယ်ရေးရာနှင့် ပတ်သက်ဆက်နွယ်နေသည့် ဌာနများအဖွဲ့အစည်းများ၊ မိဘများနှင့် လူငယ်များကိုယ်တိုင်တို့၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်။ လူငယ်တိုင်း လူငယ်တိုင်း မိမိ ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားရန်၊ မိမိပတ်ဝန်းကျင်ကောင်းအောင် ကြိုးစားရန်၊ မိမိဒေသကောင်းအောင် ကြိုးစားရန်၊ မိမိနိုင်ငံကောင်းအောင် ကြိုးစားရန် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားကြဖို့ တိုက်တွန်းလိုသည်။

 

လူတိုင်းလူတိုင်းက တန်ဖိုးရှိတယ်။ လူတစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ တရားတော်တွေထဲမှာပါတယ်။ လူဖြစ်ဖို့ ဆိုတာဟာ ဗြဟ္မာပြည်က အပ်တစ်ချောင်းက လူ့ပြည်ကိုကျလာပြီးတော့ လူ့ပြည်ကအပ်တစ်ချောင်းနဲ့ ထိဖို့ဆိုတာကမှ လွယ်သေးတယ်။ လူ့ဘဝကို ရဖို့ဆိုတာ ဒါထက်ပိုခက်တယ်။ ခက်ခက်ခဲခဲနဲ့ ရလာတဲ့လူ့ဘဝကို တန်ဖိုးရှိရှိနဲ့ သုံးစေချင်တယ်" ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁ ရက်နေ့ သန်လျင်လူငယ် သင်တန်းကျောင်းရှိ လူငယ်များနှင့် တွေ့ဆုံရာ၌ ဆုံးမဩဝါဒစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ လူငယ်တိုင်းက မိမိတို့၏ အနာဂတ်ကို တန်ဖိုးရှိသော လူများဖြစ်လာအောင် ကြိုးပမ်းကြရန် လမ်းညွှန်ခဲ့ခြင်းပင် ဖြစ်သည်။

 

လူငယ်များသည် နိုင်ငံ၏ အနာဂတ်အတွက် အင်အားများပင် ဖြစ်သည့်အလျောက် လူငယ်များပြုစုပျိုးထောင်ရေးကို အလေးအနက် ဆောင်ရွက်ကြရခြင်းဖြစ်သည်။ လူငယ်လေလွင့်မှု အရေအတွက်သည် နိုင်ငံ့အနာဂတ်အတွက် အင်အားပြုန်းတီးမှုပင်ဖြစ်ရာ လူငယ်ပြုပြင် ထိန်းသိမ်းမှုများကို မေတ္တာ၊ စေတနာ၊ ဝါသနာ၊ အကြင်နာတို့ဖြင့်ဆောင်ရွက်ကြကာ နိုင်ငံ၏ အနာဂတ်အင်အားများကို မပြုန်းမတီး စုစည်းနိုင်ပါစေကြောင်း။ ။

 

မြန်မာ့အလင်း