တန်ဖိုးရှိသော ရေ

မင်းသော်

ယခုနှစ်နွေဦးကာလသို့ရောက်ရှိလာခဲ့ပြီ။ နေ၏အပူရှိန်ကား ပြင်းလှ၏။ တောတောင်တို့တွင် ရိုးတံပြိုင်းပြိုင်းနှင့်အပင်တို့က စိမ်းလန်းမှုကို မပြနိုင်တော့။ ပုံမှန်ထက် ဆိုးရွားသည်က ယခုနှစ်မှာ ကမ္ဘာကြီးက စံချိန်တင်ပူနွေးခဲ့သည့် ၂၀၂၃ ခုနှစ်ထက်မလျော့ဘဲ ပိုမိုပူပြင်းလာနိုင်ဖို့ ရှိနေကြောင်း ကုလသမဂ္ဂက ကြေညာထားသည်။ အပူချိန်မြင့်တက်လာသည်နှင့်အမျှ စိုးရိမ်စရာကား ရေလုံလောက်စွာရရှိရေးပင်ဖြစ်သည်။ နိုင်ငံအချို့တွင် ရေကြောင့် စစ်ပွဲများဖြစ်သည်အထိ တိုက်ခိုက်ယူကြရသည်။ ကံကောင်းထောက်မ၍ မိမိတို့နိုင်ငံက သောက်သုံးရေပြတ်လပ်သည့် နိုင်ငံမျိုးတော့မဟုတ်။ သို့သော်နေရာဒေသအချို့တွင် နွေရောက်တိုင်း ရေပြတ်လပ်မှုနှင့် ကြုံနေရဆဲ။

ကမ္ဘာပေါ်က ရေသောက်မြစ်တွေ

မိမိတို့ကမ္ဘာကြီးတွင် ရေကုဗမီတာ သန်းပေါင်း ၁၄၀၀ ရှိသော်လည်း ရေချိုပမာဏမှာ ကုဗမီတာ ၃၅ သန်းသာရှိသည်။ ရေချိုအများစုမှာ အရည်မပျော်ဘဲ ရေခဲဆီးနှင်းအဖြစ်သာ ရှိနေကြပြီး အများစုသောရေများမှာ ရေငန်များသာဖြစ်သည်။ ဆိုလိုသည်မှာ ကမ္ဘာကြီးမှာ ရေတွေအများကြီး ရှိသော်လည်း မိမိတို့သောက်သုံးဖို့အတွက် ရေချိုပမာဏမှာတော့ အတော်ပင်နည်းပါးသည်။ သက်ရှိများအတွက် သုံးနေရသည့် ရေပမာဏသည် ရေအားလုံး၏ ၀ ဒသမ ၀၁ ရာခိုင်နှုန်းပင်မပြည့်ဟု ဆိုရမည်။ ထို့ကြောင့် ကမ္ဘာ့နေရာအချို့တွင် ရေလိုအပ်ချက်များရှိပြီး လူဦးရေ ၁ ဒသမ ၂ ဘီလီယံ သည် ရေရှားပါးမှုနှင့် ကြုံတွေ့နေကြရသည်။

ကမ္ဘာပေါ်ရှိ လူဦးရေသည် သန်း ၈၀၀၀ စွန်းလာခဲ့ကာ ယခုအတိုင်း တိုးပွားနေဦးမည်ဆိုပါက ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေသန်း ၉၃၀၀ ကျော်လာမည်ဟု တွက်ချက်ကြပြီး ယင်းအချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူသန်းပေါင်း ၃၅၀၀ ဝန်းကျင် ရေရှားပါးပြတ်လပ်မှုကြုံနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ ရေအသက်တစ်မနက်ဟု တင်စားကြသကဲ့သို့ လူသားများအတွက် ရေဓာတ်သည် အလွန်အရေးကြီးပြီး ကလေးများခန္ဓာကိုယ်၌ ရေ ၇၈ ရာခိုင်နှုန်း၊ အရွယ်ရောက်သူများတွင် ၅၅ မှ ၆၀ ရာခိုင်နှုန်းမှာ ရေဖြင့်ဖွဲ့စည်းထားသည်။

ရေရှားပါးမှု၏ နောက်ဆက်တွဲအဖြစ် ရေမလုံလောက်ခြင်း၊ သန့်ရှင်းသောရေ မသုံးစွဲနိုင်ခြင်းတို့မှသည် ဆက်နွှယ်သော ရောဂါများကြောင့် လက်ရှိတွင် နေ့စဉ် လူ ၁၅၀၀၀ ဝန်းကျင် အသက်ဆုံးရှုံး နေကြရပြီး တစ်သောင်းကျော်မှာ အသက်ငါးနှစ်အောက်ကလေးငယ်များ ဖြစ်ကြသည်။ မသန့်ရှင်းသောရေကို သောက်သုံးမိသဖြင့် တစ်နှစ်လျှင် အသက်ငါးနှစ်အောက် ကလေးငယ်ပေါင်း ၁ ဒသမ ၅ ဘီလီယံ ဝမ်းရောဂါရရှိပြီး သုံးပုံတစ်ပုံကျော်မှာ အသက်ဆုံးရှုံးနေကြရသည်။

လက်ရှိတွင်ပင် ကမ္ဘာ့ဒေသအသီးသီးတွင်ရေကြောင့် ပဋိပက္ခဖြစ်ရသည့် ဖြစ်စဉ်များစွာရှိနေပြီး ဥပမာအားဖြင့် ယီမင်နိုင်ငံရေရှားပါးမှု၊ နိုင်းမြစ်ဝှမ်း ရေအရင်းအမြစ် အငြင်းပွားမှု၊ ယူဖရေးတီး၊ တိုက်ဂရစ်မြစ်တို့နှင့်ပတ်သက်၍ တူကီယဲ၊ ဆီးရီးယားနှင့် အီရတ်တို့အကြားမှ ပြဿနာ၊ ဆိုမာလီ မိုးခေါင်ရေရှားပြဿနာ စသည်ဖြင့် ကမ္ဘာကျော် ပဋိပက္ခများစွာ မြင်တွေ့နေရသည်။

မြန်မာနှင့် ရေအရင်းအမြစ်

မိမိတို့နိုင်ငံက ရေအရင်းအမြစ် ပေါကြွယ်သည့်နိုင်ငံဟု သတ်မှတ်ရမည်။ အာဆီယံ ၁၀ နိုင်ငံ၏ရေ ၁၆ ရာခိုင်နှုန်း၊ အာရှတိုက်တစ်တိုက်လုံး၏ရေ ၁၂ ရာခိုင်နှုန်းနှင့် တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းကိုပင် ပိုင်ဆိုင်ထားသည်။ ရေကောင်းရေသန့်ဟုဆိုလိုက်လျှင် အင်ဒိုနီးရှားပြီးလျှင် ဒုတိယအများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံပင်ဖြစ်သည်။ နိုင်ငံအတွင်း မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်၊ တာတမံနှင့်ရေတွင်း၊ ရေကန်များစွာရှိပြီး အားလုံးသည် မြန်မာ့ရေချို အရင်းအမြစ်များ ဖြစ်သည်။ သို့သော် အညာဒေသအပါအဝင် ပူပြင်းခြောက်သွေ့သည့်ဒေသ၊ တောင်ပေါ်ဒေသအချို့၌ နွေရာသီ ရေရှားပါးမှုနှင့် နှစ်စဉ်ကြုံတွေ့ရသည့်အပြင် မိမိတို့က ရေအားလျှပ်စစ်ကို အဓိကထား၍ လျှပ်စစ်မီးကို ရယူနေကြသည်ဖြစ်ရာ ရေအားလျော့နည်းချိန် နွေရာသီတွင် လျှပ်စစ်လုံလောက်စွာ မထုတ်လုပ်နိုင်။ ရေကန်များ၊ ရေပေးဝေရာနေရာများ ရေအဝင်နည်းသည့်အခါ မြို့ပြနေပြည်သူများအဖို့ ရေတင်ရဖို့အရေး အတော်ပင် ကသီလင်တ ဖြစ်ကြရသည်။

မိမိတို့နိုင်ငံ၌ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းစသည့် မြစ်ကြီးလေးစင်းအပါအဝင် မြစ်ချောင်းတို့မှ နှစ်စဉ်ရေချိုဧကပေသန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိပြီး ကျေးလက်တို့တွင် မြစ်ရေ၊ ချောင်းရေကို အဓိကထား၍ စိုက်ပျိုးမွေးမြူရေး၊ အိမ်သုံးရေနှင့် စက်မှုကဏ္ဍတို့အတွက် အများဆုံး အသုံးပြုလျက် ရှိသည်။ ရေရှားပါးသည့်ဒေသများအတွက် နိုင်ငံတော်၏ အစီအစဉ်များဖြင့် လည်းကောင်း၊ ကိုယ့်အားကိုယ်ကိုး အစီအစဉ်များ ဖြင့်လည်းကောင်း၊ အသင်းအဖွဲ့များနှင့် ပရဟိတ ဆောင်ရွက်ချက်များအဖြစ် လည်းကောင်း စိမ့်စမ်းရေသွယ်တန်းခြင်း၊ အဝီစိတွင်းတူးခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ပေးခြင်းတို့ကို မြင်တွေ့ရသကဲ့သို့ နိုင်ငံတော်ကလည်း ဆည်မြောင်း၊ တာတမံများ ဆောက်လုပ်ခြင်းနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီများ ဖွဲ့စည်းကာ ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်ကို လည်း မြင်တွေ့ရသည်။

တစ်ဦးချင်းရေချွေတာ

မြို့ပြလူတန်းစားများအတွက် ရေခြိုးခြံချွေတာစွာအသုံးပြုခြင်းဖြင့် မိမိတို့အနာဂတ် ရေရှားပါးမှု ပြဿနာများအထိ ဖြေရှင်းပေးရာရောက်ခြင်းကြောင့် ရေချိုးပါကရေကို များပြားစွာလောင်းချခြင်း မလုပ်ဘဲ လိုအပ်သလောက်သာ ချင့်ချိန်ချိုးသင့်သကဲ့သို့ ရေသောက်ပါကလည်း ကုန်သလောက်သာ ခပ်၍ သောက်သင့်သည်။ သောက်ရေခွက်များကို သင့်တင့်သည့် အရွယ်အစားပြောင်းလဲအသုံးပြုသင့် သည့်အပြင် ရေချိုးရာ၊ လက်ဆေး၊ ပန်းကန်ဆေးရာမှ ထွက်ရှိလာသည့် ရေများကို သစ်ပင် ပန်းမန်များအား ဖျန်းပက်ခြင်းဖြင့် ရေချိုကို ချွေတာရာရောက်မည် ဖြစ်သည်။ ထို့အပြင် မိမိတို့အိမ်တွင် သွယ်တန်းထားသည့် ရေပိုက်လိုင်းများ ယိုစိမ့်မှုမရှိစေရေး စနစ်တကျ ပြင်ဆင်ထားခြင်း၊ ရေပိုက်ခေါင်းများ ရေလုံအောင်ပိတ်ခြင်း၊ ရေမော်တာများဖြင့် ရေတင်ရာတွင် ရေများလျှံတက်မှုမရှိစေရေး ဂရုပြုခြင်းတို့ဖြင့် ရေကိုချွေတာသုံးစွဲပေးသင့်သည်။

တစ်ဦးချင်းမဟုတ်သည့် အစိုးရဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများတွင်လည်း ရေသုံးစွဲမှုလျော့နည်းကာ အလေအလွင့်မရှိစေရေးအတွက် ဌာနဆိုင်ရာအလိုက် အသိပညာများ ဖြန့်ဝေခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်းတို့ဖြင့် ရေအရင်းအမြစ်များ မဆုံးရှုံးစေရန် ကာကွယ်ထိန်းသိမ်းရန် လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် လူတိုင်းရေချိုးသည့်အခါ အလေအလွင့်မရှိစေရေး ထိန်းသိမ်းလုပ်ဆောင်ပါက တစ်မိနစ်လျှင် ရေဂါလန် သန်း ၅၀၀ သက်သာစေသည်ဟု ရေကျွမ်းကျင်သူများက ဆိုကြသည်။ လူတိုင်းရေကိုချွေတာသုံးစွဲခြင်းမှာ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများအားလုံးကို ကယ်တင်ပေးခြင်းပင် ဖြစ်သည်။

ရန်ကုန်မြို့၏ အဓိကရေပေးဝေရေးမှာ မြေအောက်ရေနှင့် ဂျိုးဖြူရေပေးဝေမှုစနစ်မှ ရရှိသည်။ ဂျိုးဖြူရေလှောင်ကန်မှ ရေပြွန်လုံးများ တပ်ဆင်ထားမှုမှာ မိုင် ၅၀ ကျော်သည်ဟု သိရသည်။ ထိုမှတစ်ဆင့် ရေပိုက်လိုင်းများဖြင့် နေ့စဉ်ရေဂါလန် ၂၄ သန်း ပို့လွှတ်ပေးနေသည်။ ရန်ကုန် နယ်နိမိတ်အတွင်း မြို့နယ် ၃၀ ကျော်တို့တွင် စက်ရေတွင်း နှစ်သိန်းကျော်ရှိပြီး နေ့စဉ် ရေဂါလန် သန်း ၂၀၀ ကျော်ခန့် ထုတ်ယူသုံးစွဲလျက်ရှိသည်။ မြေအောက်ရေနှင့် ဂျိုးဖြူရေလှောင်ကန်များသို့ အဓိကရေဖြည့်တင်းပေးရာ ဒေသများသည် ပဲခူးရိုးမတောင်စွယ်နှင့် မြို့ပြင်နေရာများမှ ဖြစ်သော် လည်း ယခုအခါ မြို့သစ်များ ဖော်ဆောင်ခြင်း၊ သစ်တောများ ပြုန်းတီးခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် ရေအရင်းအမြစ်များ အားနည်းလာခဲ့ပြီး ယင်းအခြေအနေတွင် မြို့ပြ လူတန်းစားတို့အဖို့ ရေကို စနစ်တကျ ပို၍သုံးစွဲရန် လိုအပ်လာပြီဖြစ်ပါသည်။

စိုက်ပျိုးရေကို မဖြုန်းတီးသင့်

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအခြေခံသည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းသော အပူပိုင်းဒေသများတွင် ဆည်မြောင်းများမှရေကို အဓိကအားထား၍ စိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ ပူပြင်း ခြောက်သွေ့၍ ရေပေးဝေမှု အားနည်းချိန်တွင် ရေပတ်အလိုက်ပေးသည့်ရေကို စောင့်ယူ၍ သီးနှံများ စိုက်ပျိုးကြရသည်။ ရေရရှိမှု နည်းပါးသည့်အခါ စိုက်ပျိုးရေးထွက်ကုန် အားနည်းခြင်း၊ သီးနှံအရည်အသွေး မပြည့်မီခြင်းနှင့် ရောင်းပန်းမလှခြင်းတို့ကြောင့် တောင်သူများ အခက်အခဲများနှင့် ရင်ဆိုင်ကြရလေ့ရှိသည်။ ထို့ပြင်စိုက်ခင်းများ၌ ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်း၊ ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းတို့ကြောင့် ရေအောက်ရှိ သတ္တဝါများ၊ မြေဆီပေါ်ရှိသတ္တဝါများ သေကျေပျက်စီးသဖြင့် ဂေဟစနစ်များ ပျက်စီးခြင်း၊ မြေအောက်ရေ ပျက်စီးခြင်းများသည်လည်း ရေရှားပါးမှုဖြစ်လာရန် အကြောင်းတရားများပင် ဖြစ်သည်။

ရေဆုံးရှုံးမှု ကာကွယ်နိုင်စေရန်အတွက် Organic Farm များ တည်ထောင်ခြင်း၊ ရေလေလွင့်မှု မရှိအောင် နည်းပညာအသုံးပြုထားသည့် ရေဆိုး ပြန်လည်သုံးစွဲသည့် စနစ်များကျင့်သုံးခြင်း၊ ပိုးသတ် ဆေးနှင့်မြေဩဇာများ မလိုအပ်ဘဲမသုံးစွဲခြင်းစသည့် နည်းလမ်းများဖြင့် ရေအသုံးပြုမှုကို ကန့်သတ်သင့်ကြောင်း ရေပညာရှင်များက ဆိုကြသည်။ ထို့အတူ ရေဝေရေလဲဒေသများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သစ်တောနှင့် သစ်ပင်များကို ခုတ်ထွင်ခြင်းမပြုရန်နှင့် ဂေဟစနစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းတို့ဖြင့် မိုးခေါင်ရေရှားပြဿနာများကို မကြုံတွေ့စေရန် ကြိုတင်ကာကွယ်ထားသင့်သည်။

ဘိုးစဉ်ဘောင်ဆက် ချမ်းသာသူများအားငွေကို ရေလိုသုံးနိုင်သူများဟု တင်စား၍ခေါ်ဝေါ်ကြသည်။ သို့သော် ငွေဖြင့်ဝယ်ယူ၍ မရသည့် ရေရှားပါးမှုများ ကြုံတွေ့လာသည့်အခါ မိမိတို့မျိုးဆက်များ ရေကို ငွေလိုသုံးနိုင်ရန်အတွက် ယခုကစ၍ ရေချွေတာခြင်းဖြင့် အနာဂတ်ရေရှားပါးမှုကို ကာကွယ်ကြစေဖို့အရေး တိုက်တွန်းလိုက်ရပါတော့သည်။ ။