တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင် ၁၅ နှစ်နှင့်အထက် လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်

ရန်ကုန် ၁၈ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီးတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင် ၁၅ နှစ်နှင့်အထက် လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင်း ပြည်သူများနေထိုင်ရေးနှင့် ပတ်သက်၍ အခက်အခဲရှိခြင်းကို ဖြေရှင်းဆောင်ရွက်နိုင်ရန် တန်ဖိုးနည်းအိမ်ရာများ များစွာလိုအပ်ခြင်းကြောင့် ယင်းတန်ဖိုးနည်းအိမ်ရာများကို ဘဏ်များမှတစ်ဆင့် အရစ်ကျစနစ်ဖြင့် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ပြီးတော့ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ပေးမယ်ဆိုရင် မြေတန်ဖိုး ထည့်စရာမလိုပဲနဲ့ ဈေးနှုန်းကို သင့်တင့်တဲ့ နှုန်းထားနဲ့ ရောင်းချနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ရေရှည်ရင်းနှီးမြှုပ်နှံမယ့် လူမျိုးတွေရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရေရှည်ရင်းနှီးမြှုပ်နှံမှု မရှိဘူးဆိုရင် ဒီဟာကို ဝယ်ယူမယ့်သူတွေဟာ ကာလတိုလေးအတွင်းမှာ ပြန်လည်ပေးရပြီးတော့ နောက်ထပ်ပေးဆပ်ရမယ့် အခန်းတန်ဖိုးက ကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီမှာ ၁၅ နှစ်နဲ့အထက်လောက် အချိန်ပေးနိုင်ပြီး ဒီကာလမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်လိုပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 

ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ဧပြီ ၆ ရက်က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်မည့် စုပေါင်းအဆောက်အအုံများအတွက် တည်ထောင်သူ လုပ်ငန်းလိုင်စင်ပေးအပ်ပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ ယင်းကဲ့သို့ ပြောကြားခဲ့ကြီးဖြစ်သည်။

 

ယင်းကဲ့သို့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်မည်ဆိုပါက ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ နေစရာမရှိသည့် ပြည်သူများအတွက် အိမ်ရာများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကျူးကျော်နေထိုင်သူများကိုလည်း ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

 

ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နောင် (၁၀)စုနှစ်မတိုင်ခင် ပြုပြင်ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် အိမ်ရာကိစ္စ ပါဝင်နေခြင်းကြောင့် တစ်နှစ်လျှင် အိမ်ရာတိုက်ခန်းပေါင်း တစ်သိန်းဝန်းကျင် မဖန်းတီးပေးနိုင်ပါက လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များတွင် အခက်အခဲ ကြုံတွေ့လာနိုင်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 

"ဝန်ကြီးချုပ်ကတော့ အိမ်ခန်းတစ်သိန်းဆောက်ဖို့ ပြောသွားပေမယ့် ကျွန်တော်တို့ အသင်းအနေနဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရိုင်လေးခုမှာ အိမ်ခန်းတစ်သောင်းစီလောက် ဆောက်လုပ်ဖို့အတွက် ဝန်ကြီးချုပ်ကို ကျွန်တော်တို့ အသင်းနှစ်ပတ်လည် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အိမ်ခန်းတစ်သောင်းလုံးတော့ မဟုတ်ဘူးပေါ့။ အထောက်အကူပြုတာတွေလည်း ပါရမှာပေါ့။ အဲ့ဒါကို ဝန်ကြီးချုပ်ကိုရော လွှတ်တော်ကိုရော တင်ပြပါမယ်။ နောက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း တင်ပြပါမယ်" ဟု မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာ အသင်း (MLCR) ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

 

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရွှေပေါက်ကံ၊ ရွှေလင်းဗန်း၊ ကနောင်နှင့် ယုဇန တန်ဖိုးနည်းအိမ်ရာတို့ကို တည်ဆောက်လျက်ရှိပြီး အခြားမြေနေရာများ၌လည်း တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁၊ ၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House များနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံအိမ်ရာတို့ကို ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

အေးယမုံ