တန်ဖိုးမြှင့်သီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးစီမံကိန်းကို ဩဂုတ်လလယ်ခန့်တွင် စတင်အကောင်အထည် ဖော်မည်

ရန်ကုန်  ၁၄  ဧပြီ

ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို အရည်အသွေးပြည့်မီပြီး တန်ဖိုးမြှင့်သီးနှံအဖြစ် ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေး စီမံကိန်းတစ်ရပ်ကို ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းကာ ဩဂုတ်လလယ်ခန့်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းသစ်၏ အဓိက ရည်ရွယ်ချက်မှာ အရည်အသွေးမြင့်ဟင်းသီးဟင်းရွက်များ ထုတ်လုပ်ပြီး တစ်ယူနစ်ဝင်ငွေ တိုးမြှင့်ခြင်းဖြင့် အမှန်တကယ် စိုက်ပျိုးနေသော တောင်သူလယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းတွင် မှော်ဘီမြို့နယ်ရှိ စိုက်ပျိုးရေး တိုးချဲ့ ပညာပေးဝန်ထမ်းများနှင့် စိုက်ပျိုးထုတ်လုပ်သူများအား အရည်အသွေးပိုမိုကောင်းမွန်ပြီး စိတ်ချရသည့် သီးနှံများ ထုတ်လုပ်သည့် နည်းပညာပေးခြင်း၊ စိုက်ပျိုးထုတ်ကုန်များအား ရန်ကုန်မြို့ရှိ အရည်အသွေးမြင့် ဈေးကွက်အတွင်း ရောင်းချနိုင်ပြီး ဒေသတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်သူများ၏ ဝင်ငွေတိုးပွားလာစေမည် ဖြစ်သည်။

ထို့အပြင် တန်ဖိုးမြှင့်သီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လယ်ယာထုတ်ကုန် စီးပွားရေးကို စိုက်ပျိုးထုတ်လုပ်ခြင်းမှ ဈေးကွက်အထိ ပေါင်းစပ်ချိတ်ဆက်ပေးနိုင်ပြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံများ၏ တန်ဖိုးမြှင့် ကွင်းဆက်ထုတ်လုပ်မှုစွမ်းအားတိုးတက်မှုကို အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

တန်ဖိုးမြှင့်သီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်း စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် ရှမ်းပြည်နယ်

တောင်ပိုင်း ကလောမြို့နယ်များတွင် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန်များ၏ ဈေးကွက်သည် သီးနှံအထွက်နှုန်း တိုးတက်ရေးအပေါ်တွင် အလေးထားခဲ့သည့် အတွက် အများဆုံးစိုက်ပျိုးထုတ်လုပ်နိုင်သည့် လယ်သမားများသာလျှင် ဝင်ငွေကောင်းမွန်လျက်ရှိပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးသော တောင်သူလယ်သမားအများစုမှာ အမြတ်အစွန်း နည်းပါးခဲ့ကြောင်း သိရသည်။

ယခု ဂျပန်-မြန်မာ ပူးတွဲဖော်ဆောင်မည့်စီမံကိန်းတွင် အရည်အသွေးကောင်းမွန်၍ လတ်ဆတ်သည့်ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စားသုံးသူများ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသော ဟင်းသီးဟင်းရွက်များ ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)