တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးမုချရရှိမည်

၁၉ ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် "ငြိမ်းချမ်းရေး ကို အစိုးရရဲ့ အဓိကဦးစားပေးလုပ်ငန်းကြီးတစ်ရပ်အဖြစ် သတ်မှတ်လို့ မဖြစ်မနေ အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါတယ်"ဟု မိန့်ကြားခဲ့ပြီး ပင်လုံမြို့တွင်ကျင်းပခဲ့သည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "နိုင်ငံအတွက် အသက်တမျှ အရေးတကြီးလိုအပ်နေတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို စုပေါင်းအားနဲ့ ရယူသွားကြဖို့ လမ်းညွှန်မြွက်ကြားထားသည်။

 

ထို့အပြင် လွယ်တိုင်းလျဲန်တွင် ကျင်းပခဲ့သည့် (၇၃) နှစ်မြောက် ရှမ်းအမျိုးသားနေ့သို့ ပေးပို့ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာ၌ “တိုင်းရင်းသားများအနေဖြင့် မိမိတို့လိုလားချက်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးညှိနှိုင်းပြီး အဖြေရှာ နိုင်ရန် ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီးဖြစ်ပါသည်" ဟု မှာကြားထားသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေကြသလို နိုင်ငံ့ခေါင်းဆောင်များကလည်း အမြန်ရရှိနိုင်အောင် လိုလားလျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးကလည်း ပြည်ထောင်စုကြီးတစ်ခုလုံး၏ ကောင်းကျိုးဖြစ်သည်ကို ဦးတည်နှလုံးသွင်း၍ လိုလားချက်များကို ညှိနှိုင်းတိုင်ပင်ဆွေးနွေး အဖြေရှာ ကြရမည်ဖြစ်သည်။

 

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ဦးစွာလက်မှတ်ရေးထိုးရန်လိုအပ်ရာ ယခုအခါ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့လက်မှတ်ရေးထိုးပြီးဖြစ်သည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နှစ်ဖက်အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး၊ ကျင်းပပြီး၊ ကျင်းပဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကောင်းမွန်သော ငြိမ်းချမ်းရေးဆိုင်ရာရလဒ်များကို ဆောင်ကြဉ်းပေးနိုင်ခဲ့ရာ ထိုသို့ရလဒ် ကောင်းများ ပေါ်ထွက်လာခြင်းသည် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ၏ ကြိုးပမ်း အားထုတ်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အလေးထားမှုတို့ကို ထင်ဟပ်ပေါ်လွင်စေသဖြင့် ဝမ်းမြောက်ဂုဏ်ယူချီးကျူး အသိအမှတ် ပြုရမည်ဖြစ်သည်။ ကျင်းပခဲ့၊ ကျင်းပဆဲ ညှိနှိုင်းအစည်းအဝေးများသည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကို ပိုမိုခိုင်မာလာအောင် နှစ်ဖက်ကြိုးပမ်းဆောင်ရွက်နေသည့် အခိုက်အတန့်ဖြစ်သောကြောင့် အားလုံးအနေဖြင့် မိမိတစ်ဦး၊ မိမိတစ်ဖွဲ့တည်း၏ ကောင်းကျိုးကိုသာ ဆောင်ရွက်သည့်အမြင်မထားဘဲ အားလုံးနှင့်သက်ဆိုင်သည့် ပြည်ထောင်စုအကျိုးအတွက် ဦးတည်ဆောင်ရွက်နေသည်ကို နှလုံးသွင်းထားသင့်သည်။

 

နိုင်ငံ့ခေါင်းဆောင်များ အထက်တွင်ညွှန်းဆိုထားသည်ကို အလေးထား၍ နှစ်ဖက်ညှိနှိုင်းကြခြင်းကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုး၊ ပြည်ထောင်စုကြီး၏အကျိုးနှင့် မိမိတို့အားလုံးအကျိုးတို့ကို မျှော်မှန်းပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတိ၊ ပညာနှင့် ဝိုင်းဝန်းဆွေးနွေးညှိနှိုင်း ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နိုင်ငံအတွက် အသက်တမျှအရေးကြီး သည့် ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးကို စုပေါင်းအင်အားဖြင့် ရယူသွားကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းဆောင်ရွက်ကြရာတွင် ပြည်ထောင်စုကောင်းကျိုးအတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်ကို နှလုံးသွင်းဆင်ခြင် လက်ကိုင်ထား ဆောင်ရွက်နိုင်ကြမည်ဆိုလျှင် အားလုံးလိုလားတောင့်တသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီးအား မလွဲမသွေ မုချရရှိနိုင်မည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ