တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ  အိုက်စ်(မက်သ်အဖက်တမင်း)  ၁ ဒသမ ၂၉၈ တန် ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

တပ်မတော်(ရေ)မှ ဖေဖော်ဝါရီ ၁၇ ရက် ည ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်၌ “မင်းထက်သာ-၃” အမည်ရှိစက်လှေအား သတင်းအရရှာဖွေရာ စက်လှေပေါ်မှ ငြိမ်းချမ်းလွင်၊ ကျော်လင်းထွန်း(ခ) ကျော်ကြီး၊ လှမြင့်ထွန်း နှင့် ရဲကျော်သူ(ခ)ကိုရဲ တို့ ၄ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ  အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉၈ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရန်ကုန်မြစ်ဝမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ မလေးရှားနိုင်ငံရေပိုင်နက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်