တနင်္သာရီမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း(၁၆၂)ဦးအား (ပထမ)အသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း  စတင်ဆောင်ရွက်

တနင်္သာရီ၊ ၂၇ ဇန်နဝါရီ


အိန္ဒိယနိုင်ငံမှ ချစ်ကြည်ရင်းနှီးမှုဖြင့် ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို တနင်္သာရီ တိုင်းဒေသကြီး  တနင်္သာရီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်း(၁၆၂)ဦး အား ခုတင်(၅၀)ပြည်သူ့ဆေးရုံတိုးချဲ့ဆေးရုံအတွင်း ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီမှ စ၍ ပထမသုတ် အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်းထံမှ သိရသည်။


တနင်္သာရီမြို့နယ်အတွင်း ခုတင်(၅၀)ဆံ့ဆေးရုံ(၁)ရုံ၊ တိုက်နယ်ဆေးရုံ(၃)ရုံ၊ ကျေးလက်ကျန်းမာရေး ဌာန (၄)ခု၊  ကျေးလက်ကျန်းမာရေးဌာနခွဲ(၂၄)ခု၊  မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန(၁)ခုနှင့် မောတောင်မြို့ ဆေးပေးခန်း(၁)ခုတို့တွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းပေါင်း (၁၆၂)ဦးရှိရာ ၎င်းတို့ကို ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ တစ်နေရာတည်းတွင် ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက် နှစ်ရက်တာအတွင်း ပြီးစီးအောင်ထိုးနှံပေးသွားမည်ဖြစ်ပြီး နောက်ထပ်ရက်သတ္တပတ်(၄)ပတ်  အကြာတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။    


ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဘေးကင်းစွာဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေးဆိုင်ရာ  အကြောင်း အရာများ၊ ကာကွယ်ဆေးသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ ဆေးထိုးစုရပ်များ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးမထိုးသင့်သူများနှင့် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်း စသည့် အချက်များကို တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက အွန်လိုင်းမှတစ်ဆင့် သင်တန်းပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


နန်းသာရီ-ထိန်ဝင်း(ပြန် /ဆက်)