တနိုင်းမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ အား ‌ကပ်ထား ကြညာမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

တနိုင်း  ၂၈   ဇူလိုင်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၂၅ ရက်မှစတင်၍  ပထမအကြိမ် ကပ်ထားကြေညာပြီး ဖြစ်သည်။

 

အဆိုပါ မဲဆန္ဒရှင် ကပ်ထားကြေညာထားမှုကိုအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အတွင်းရေးမှူး ဦး‌ကျော်သက်ပိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဇူလိုင် ၂၇ ရက်က မကောကျေးရွာ အုပ်စု၊ ရှင်လုံးဂါးကျေးရွာအုပ်စု၊ ခလုန်း ကျေးရွာအုပ်စု၊ ရှင်ဗွေယန်မြို့ပေါ်(၄)ရပ်ကွက်‌ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုခဲ့ကြပြီး ကြေညာထားသည့်နေရာများတွင် လာရောက်ကြည့်ရှုသူများ အခက်အခဲမရှိ အဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှ ည ၉ နာရီ အထိ  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ထားပြီး ဖြစ်သည်။

 

မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံ(၃)ဖြင့် အမည်ထည့်သွင်း တောင်းဆိုရန်၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရန်၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းရန်တို့ကို ဆောင်ရွက်နိုင်ရန် လိုအပ်သော ပုံစံများကို ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ထုတ်ပေးထားပြီးဖြစ်ရာ အခမဲ့ထုတ်ယူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)