တန်းဆင်းဇုန်မှ ဒဂုံအသင်း နိုင်ပွဲပြန်ရပြီး လက်ရှိချန်ပီယံ ရန်ကုန်အသင်း အဝေးကွင်း၌ သရေကျ

ရန်ကုန် ၁၇ ဩဂုတ်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၁) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ တန်းဆင်းဇုန်မှ ဒဂုံအသင်း နိုင်ပွဲပြန်ရပြီး လက်ရှိချန်ပီယံ ရန်ကုန်အသင်းမှာ အဝေးကွင်း၌ သရေပွဲထပ်မံကြုံတွေ့ခဲ့သည်။ 


သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံအသင်းက စစ်ကိုင်းအသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒဂုံအသင်းသည် ယခုပွဲအနိုင်ရခဲ့သောကြောင့် MNL တွင် ဆက်ရှိရန် မျှော်လင့်ချက် ရှိနေဆဲဖြစ်ပြီး နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည့် အနေအထား ဖြစ်သွားခဲ့သည်။ ယခုပွဲတွင် စစ်ကိုင်းအသင်း၌ အသင်းပိုင်ရှင် ဖိုးချစ်ပါဝင်ကစားခဲ့ပြီး အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့သည်။ 


အမှတ်လိုနေသည့် ဒဂုံအသင်းသည် နိုင်ငံခြားသား ကစားသမားသုံးဦး အပါအဝင် လူစုံအသုံးပြုခဲ့ပြီး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သည်။ ဒဂုံအသင်းသည် ပွဲအစလေးမိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂ မိနစ်တွင် ညီညီမင်းနှင့် ၄ မိနစ်တွင် ထရာအိုရေးက ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ စစ်ကိုင်းအသင်းတွင် အဓိက ကစားသမားအချို့ ဒဏ်ရာနှင့် ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်သည့်အပြင် ပွဲအစတွင် အမှားများခဲ့သောကြောင့် ဒဂုံအသင်းအတွက် အခွင့်အရေးများဖြစ်ခဲ့သည်။ ၁၁ မိနစ်တွင် သန့်ဇင်ဝင်းက ထောင့်ကန်ဘောမှတစ်ဆင့် စစ်ကိုင်းအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ စစ်ကိုင်းအသင်းသည် ဂိုးပြန်ရသော်လည်း ဒဂုံအသင်းတိုက်စစ်ကို မထိန်းချုပ်နိုင်ဘဲ ပထမပိုင်းမှာပင် ငါးဂိုးစလုံး ခွင့်ပြုခဲ့ရသည်။ ဒဂုံအသင်းအတွက် နောက်ထပ်အနိုင်ဂိုးများကို ၃၀၊ ၄၁ မိနစ်တွင် ပက်ထရစ်၊ ၄၃ မိနစ်တွင် ထရာအိုရေးတို့က သွင်းယူခဲ့သည်။ 


စစ်ကိုင်းအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့သလို မိနစ် ၆၀ ကျော်တွင် အသင်းပိုင်ရှင် ဖိုးချစ်ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ၇၁ မိနစ်တွင် ဖိုးချစ်၏ ထိုးဖောက်မှုကို ဒဂုံအသင်း နောက်ခံလူများ ဖျက်ထုတ်ရာမှတစ်ဆင့် ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဖိုးချစ်ကိုယ်တိုင်ပင် ကန်သွင်းယူခဲ့သည်။ ဖိုးချစ်သည် MNL ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးဂိုးသွင်းနိုင်သည့် ကလပ်အသင်းပိုင်ရှင် ဖြစ်လာခဲ့သည်။ ဒုတိယပိုင်းတွင် စစ်ကိုင်းအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၈၃ မိနစ်တွင် တိုက်စစ်မှူး ဒိုနယ်က ပယ်နယ်တီမှတစ်ဆင့် တတိယဂိုးသွင်းယူခဲ့သည်။


မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းနှင့် ရန်ကုန်အသင်းတို့ ဂိုးမရှိ သရေကျခဲ့သည်။ ရန်ကုန်အသင်းသည် လေးပွဲဆက် သရေကျခဲ့သောကြောင့် ချန်ပီယံဆု ကာကွယ်နိုင်ရန် အခွင့်အရေး နည်းသွားခဲ့သည်။ Southern အသင်းမှာမူ တန်းဆင်းဇုန် အန္တရာယ်ရှိနေသည့်အတွက် ရုန်းကန်ခဲ့ပြီး အဖိုးတန်သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။


ပွဲစဉ် (၂၁) ဒုတိယနေ့ကို သြဂုတ် ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်နှင့် မကွေး၊ သုဝဏ္ဏကွင်း၌ Chinland နှင့် ရခိုင်၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်