တန်ဆောင်တိုင်လပြည့်နေတွင် မန္တလေးမြို့တစ်ခွင်၌ ဘုရားဖူးပြည်သူများ စတုဒိသာကျွေးမွေး လှူဒါန်းသူများဖြင့် စည်ကားပျော်ရွှင်

မန္တလေး ၁၁  နိုဝင်ဘာ

 

မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်လပြည့်နေ့တွင် မန္တလေးမြို့တစ်ခွင်၌ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသည့် ဘုရားဖူးပြည်သူများနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းမှုများဖြင့် စည်ကားပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်တန်ဆောင်တိုင် ပွဲတော်ကာလသည် ယခင်နှစ်များထက် ရုံးပိတ်ရက်ရှည် ပိုမိုခံစားခွင့် ရရှိသဖြင့် မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများတွင် ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူး စည်ကားလျက်ရှိသည့်အပြင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ရပ်ကွက်အသီးသီး၏ လမ်းများ၊ ဓမ္မာရုံများတွင်လည်း ရိုးရာဓလေ့ စတုဒိသာ ကျွေးမွေးလှူဒါန်းသူများဖြင့် နေ့ထူးနေ့မြတ်တန်ဆောင်တိုင်လပြည့်နေ့တွင် စည်ကား ပျော်ရွှင်လျက် ရှိသည်။

 

အဆိုပါတန်ဆောင်တိုင်ရုံးပိတ်ရက်ရှည်ကာလတွင် မိသားစုဆွေမျိုးများ စုပေါင်း၍ ကားစင်းလုံးငှားကာ ''ဘုရားဖူးခရီးစဉ်အဖြစ် မန္တလေးမြို့သို့ လာရောက်ခဲ့ကြသည့် ရန်ကုန်မြို့မှ ကိုထွန်းထွန်းမော်ကလည်း မန္တလေးမြို့က တန်ဆောင်တိုင်လပြည့်နေကတော့ ဘုရားတွေမှာသာမကပဲ လမ်းတွေမှာလည်း သွားလာနေကြတဲ့ ကား၊ ဆိုင်တွေ စတုဒိသာ လှူဒါန်းမှုတွေနဲ့ ပြည့်ကျပ်စည်ကားနေတာကို တွေ့ရတယ်၊ လပြည့်နေ့ နံနက်ပိုင်းမှာ ဘုရာကြီး၊ ကုသိုလ်တော်နဲ့ မန္တလေးတောင်ဘုရားတွေ ဖူးပြီးတော့ နာမည်ကြီးတဲ့ ဦးပိန်တံတားပေါ် လမ်းလျှောက်ပြီး အင်းထဲမှာ လှေစီးရင်း အပန်းဖြေဖို့ တောင်သမန်အင်းကို လာခဲ့ကြတာပါ။ မန္တလေးခရီးစဉ်မှာ ရန်ကုန်မှာ မတွေ့ရတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ရိုးရာဓလေ့ လှူဒါန်းကျွေးမွေးမှုတွေကို မြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့ အားလုံး ကြည်နူးပျော်ရွှင်နေကြပါတယ် ''ဟု ပြောသည်။

 

တန်ဆောင်တိုင်လပြည့်နေ့တွင် မန္တလေးမြို့လုံးအနှံ့ စတုဒိသာကျွေးမွေးလှူဒါန်းမှုများအဖြစ် ရာသီအလိုက် ရိုးရာဓလေ့ အစားအစာများဖြစ်သည့် ကြာဇံဟင်းခါး၊ မုန့်လုံးရေပေါ်၊ မယ်ဇယ်ဖူးသုပ်တို့ကို ရပ်ကွက်လမ်းများနှင့် ဓမ္မာရုံများတွင် ပျော်ရွှင်စွာ ခင်းကျင်းပြင်ဆင်၍ ဖိတ်ခေါ်ကျွေးမွေးလျက်ရှိသည်။

 

ရာသီအလိုက် ရိုးရာပွဲတော်တွေ ကျင်းပကြပေမယ့် လှူဒါန်းကျွေးမွေးကြတဲ့ ရိုးရာဓလေ့အစားအစာတွေက မတူညီကြဘူး။ ဥပမာ ရန်ကုန်မှာ မုန့်လုံးရေပေါ်ကို သင်္ကြန်မှာ စတုဒိသာအဖြစ် ကျွေးမွေးကြပေမယ့် မန္တလေးမြို့မှာတော့ အခုလို တန်ဆောင်တိုင် လပြည့်နေ့ရောက်မှ အများဆုံး ကျွေးမွေးလှူဒါန်းကြတယ်။ ဒါ့အပြင် ကြာဇံဟင်းခါးနဲ့ မယ်ဇယ်ဖူးသုပ်ကိုလည်း ဒီရာသီမှာ လှူဒါန်းလေ့ရှိတယ်ဟု မန္တလေးဒေသခံ တစ်ဦးဖြစ်သူ ဦးဝင်းမောင်က ပြောသည်။

 

မန္တလေးမြို့၏ တန်ဆောင်တိုင်ပွဲတော် နွှဲပျော်ကြသည့် ဓလေ့မှာ နံနက် အာရုံတက်တွင်  မဟာမုနိဘုရားအား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သွားရောက်ဖူးမြော်ကြည်ညိုခြင်းမှ စတင်ကာ မြို့တွင်း တန်ခိုးကြီးဘုရာများအား လှည့်လည်ဖူးမြော်ခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းမှုများတွင် တစ်ပျော်တစ်ပါး လှည့်လည်စားသောက်ကြခြင်းများအပြင် တန်ဆောင်တိုင်လပြည့်နေ့ ညပိုင်းတွင် ပျော်ရွှင်စွာ ချက်ပြုတ်စားသောက်ရန်အတွက် ခင်မင်ရင်းနှီးသူများထံမှ ပျော်ပွဲစား မုန့်ဖိုးများ လိုက်လံကောက်ခံသည့် ဓလေ့များဖြင့် အစဉ်အလာမပျက် ဖော်ထုတ်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)