တန်ဆောင်မုန်းလပြည့်နေ့တွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ လှေခွင်းတောင်နှင့် တိရစ္ဆာန်ဉယျာဉ်တို့တွင် လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိ

နေပြည်တော် ၁၁ နိုဝင်ဘာ

တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျည်တောင် ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာတွင်တည်ရှိသည့် လှေခွင်းတောင် တန်ခိုးကြီးကိုးမုခ်ပြန် စေတီတော်နှင့် တိရစ္ဆာန်ဉယျာဉ်တို့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိသည်။          "တန်ဆောင်တိုင်ပိတ်ရက်တွေက နိုဝင်ဘာ ၉ ရက်နေ့က စပြီးပိတ်တယ်ဆိုပေမဲ့ ဒီနေ့ ၁၁ ရက် လပြည့်နေ့မှာ လှေခွင်းတောင်တန်ခိုးကြီးကိုးမုခ်ပြန်စေတီတော်ကို လာရောက်ဖူးမျှော်သူ တွေ ပိုများတာ တွေ့ရတယ်၊ တောင်ပေါ်ကိုကားနဲ့ တက်တဲ့သူတွေပိုများတယ်၊ ပြီးတော့လှေခွင်း တောင်ခြေမြစ်ဆိပ်မှာလည်း အပန်းဖြေစခန်းတွေ ဖွင့်ထားတာရှိတယ်။ အဲ့ဒီကိုလဲ လာရောက်အပန်း ဖြေသူတွေအရင်နှစ်ထက်ပိုများတယ် " ဟု ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၏ ပြောပြချက်အရသိရသည်။ 

 

222

                                     

ထို့အပြင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဉယျာဉ်တွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။ " ပိတ်ရက်တိုင်း လည်ပတ်သူတွေ ထောင်နဲ့ချီပြီး လာလည်တာတွေ့ရတယ်။ အရင်နှစ်ထက်ပိုပြီးစည်ကားတယ်ဗျ။ ပိတ်ရက်ကများတော့လေ အရင်နှစ်က သီတင်းကျွတ်လောက်ပဲ စည်ကားတာ။ ဒီကိုနယ်ခံ တွေကသိပ်မလာဘူးဗျ နယ်ဘက်ကလာတဲ့သူတွေများတယ်၊ လာလည်ပတ်တဲ့သူတွေများလား မများလားတော့ကြည့်ဗျာ ကားပါကင်တွေတောင်မဆံ့လို့ ပလာဇာထိ ကားတွေလွှတ်ပေး နေရတယ်၊ ဉယျာဉ်ထဲပတ်တဲ့ ဘာဂီကားတွေက အစီးရေ ၂၀ ကျော်ရှိတာတောင် ကားမရလို့ ထိုင်စောင့်နေတဲ့သူတွေအများကြီးပဲ၊ နေ့ခင်းပိုင်းဆို ပိုများတယ် နေပြည်တော်မှာရှိတဲ့တန်ခိုးကြီး ဘုရားတွေလည်ပတ်ပြီးမှ ဒီကိုအပန်းဖြေရင်းလာလည်တာတွေ့ရတယ်၊ လာရောက်လည် ပတ်သူဦးရေက ခန့်မှန်းအနေဖြင့်ပြောရရင်  တိရစ္ဆာန်ဉယျာဉ်နှင့် ဆာဖာရီ ဉယျာဉ်နှစ်ခုလုံးကို ဒီနေ့ညနေထိဆို လူဦးရေ တစ်သောင်း နီးပါးလောက်လာရောက်လည်ပတ်နိုင်တယ် " ဟု တိရစ္ဆာန်ဉယျာဉ်နှင့် ဆာဖာရီ ဉယျာဉ် လုံခြုံရေးမှူး ဦးမျိုးခင်၏ ပြောပြချက်အရသိရသည်။ 

 

3

                                 

တန်ဆောင်မုန်းလပြည့်နေ့တွင် ဇေယျာသီရိမြို့နယ်အတွင်းရှိလှေခွင်းတောင်နှင့်တိရစ္ဆာန် ဉယျာဉ်တို့တွင် လာရောက်လည်ပတ်သူများသည် ယခင်နှစ်ထက် ပိုမို၍လာရောက်လည်ပတ် လျက်ရှိကြောင်းသိရသည်။

ထွန်းလင်း(ပြန်/ဆက်)