တမူးမြို့ စော်ဘွား(၈)ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွား

တမူး ၁၉ ဇွန်


တမူးမြို့၊ စော်ဘွား(၈/က)ရပ်ကွက် သစ်ခွလမ်းနှင့်ခရေပင်လမ်းသွယ်(၁)နေရာတွင် နေထိုင်သော ဦးရန်ကျော် (ယခု နေအိမ်တွင်မရှိ) ဇနီးဖြစ်သူ ဒေါ်ဆိုဖီနိုင် (၄၄) နှစ် အဘ- ဦးပေါက်စ နေအိမ် ခြံစည်းရိုးထောင့် နေရာတွင် ဇွန် ၁၈ ရက် ည ၉နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အိမ်ရှင် ဦးရန်ကျော်သည် နေအိမ်တွင် မရှိဘဲ ဇနီးဖြစ်သူနှင့် သမီးဖြစ်သူ(၂)ဦးသာရှိပြီး ပေါက်ကွဲမှုမဖြစ်ပွားခင်တွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း၊ အိမ်အနီးမှ ဆိုင်ကယ်သံများ ကြားရပြီး ဆိုင်ကယ်သမားများ ပြန်လည်ထွက်ခွာသွားပြီး(၅)မိနစ်ခန့်အကြာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။  


အဆိုပါ ပေါက်ကွဲမှုကြောင့် ခြံစည်းရိုးကျိုးပဲ့ပျက်စီးခဲ့ပြီး မြေပြင်တွင် အနက် (၆)လက်မ၊ အကျယ်(၁) ပေခန့် မြေကျင်းတစ်ခုဖြစ်ပေါ်၍ နေအိမ်အောက်ထပ် ပြတင်းပေါက်တံခါး(၁)ချပ် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း၊ လူ၊ တိရစ္ဆာန်များ ထိခိုက်၊ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။


ကျော်သူရ(ပြန်/ဆက်)