တမူး-အိန္ဒိယ နယ်စပ်စျေးများ ပိတ်ထားသဖြင့် မျောက်ငိုသီးပွဲရုံများတွင် ကုန်ကြမ်းများ စျေးကွက်ပိတ်ဆို့မှု ဖြစ်ပေါ်နေ

တမူး ၁၈ မေ

 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် တမူးမြို့နှင့် အိန္ဒိယနယ်စပ်စျေးများ ပိတ်ထားသဖြင့် မျောက်ငိုသီးပွဲရုံများတွင် ကုန်ကြမ်းများမရောင်းချနိုင်ဘဲ စျေးကွက်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း တမူးမြို့ မျောက်ငိုသီး ဝယ်ယူရောင်းချသူများထံမှ သိရသည်။

 

“အရင်နှစ်တွေကဆိုရင် ဖေဖော်ဝါရီလပိုင်းကစပြီး မျောက်ငိုသီးကုန်ကြမ်းတွေကို လှိုင်လှိုင်ရောင်းချနေရပါပြီ။ အခုတော့ COVID-19 ရောဂါရဲ့ နောက်ဆက်တွဲတွေကြောင့် မတ်လ တတိယပတ်ကစပြီး စျေးပိတ်လိုက်တဲ့အတွက် ဝယ်ယူထားတဲ့ကုန်ကြမ်းတွေဟာ အသီးတွေက အမှည့်လွန်ပြီး ရောင်းတမ်းမဝင်တော့ပါဘူး။ အဲဒီတော့ ပွဲရုံတွေလည်း အရှုံးပေါ်ပါတယ်။ အရေးပေါ်ရောင်းမယ်ဆိုတော့လည်း စျေးတွေက မဖွင့်တော့ စျေးကွက်တွေ ပိတ်သလိုဖြစ်နေပါတယ်” ဟု တမူးမြို့မှ မျောက်ငိုသီးဝယ်ယူရောင်းချသူ ဦးထွန်းအောင်က ပြောသည်။

 

တမူးမြို့အတွင်းရှိ မျောက်ငိုသီး ဝယ်ယူရောင်းချနေသူများအနေဖြင့် အိန္ဒိယစျေးကွက်သို့ နှစ်စဉ်ရောင်းချ လျက်ရှိရာ ယခုအခါ အဆိုပါပွဲရုံပိုင်ရှင်များအနေဖြင့် အနယ်နယ်အရပ်ရပ်မှ စိုက်ပျိုးရောင်းချလျက်ရှိသော တောင်သူများထံမှ ဝယ်ယူစုဆောင်းချိန် ရောက်ရှိနေသော်လည်း လက်ရှိအချိန်တွင် တမူးမြို့ နန်းဖာလုံစျေးနှင့် အိန္ဒိယနိုင်ငံဘက် မိုးရေးစျေးမှာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ပြီးခဲ့သည့် မတ် ၂၆ ရက်ကစ၍ ယနေ့အချိန်ထိ ခေတ္တယာယီပိတ်ထားသဖြင့် ဒေသခံပွဲရုံပိုင်ရှင်များမှာ ကျောက်ငိုသီးကုန်ကြမ်းများ တစ်ဆင့်မရောင်းချနိုင်ဘဲ စျေးကွက်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

 

မျောက်ငိုသီးကို တစ်ဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နှင့် နာဂလန်းပြည်နယ်ဘက်မှ အများဆုံးဝယ်ယူခြင်းဖြစ်ရာ ယခင်နှစ်များက မျောက်ငိုသီးစျေးကွက်တွင် အရောင်းအဝယ်သွက်လက်ပြီး မျောက်ငိုသီးတစ်တောင့်လျှင် ငွေကျပ် ၂၀၀ နှုန်း ပေါက်စျေးရှိကြောင်းနှင့် ယခုအခါ နယ်စပ်ဂိတ်များ ပိတ်ပင်ထားခြင်းကြောင့် စျေးကွက်ကျဆင်းကာ မျောက်ငိုသီးတစ်တောင့်လျှင် ငွေကျပ် ၁၀၀ ဝန်းကျင်နှုန်းသာ ပေါက်စျေးရှိနေခြင်းဖြစ်ကြောင်း မျောက်ငိုသီးရောင်းဝယ်သူများထံမှ သိရသည်။

 

ချင်းတွင်းသား