တလုတ်ရင်း(နောက်)ကျေးရွာ၌ မြေနီ ကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး

မင်းလှ  ၇  ဧပြီ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် တလုတ်ရင်း(နောက်)ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ခွင့်ပြု ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းများအား ယခုနှစ်မတ်လ အတွင်းက ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

23345

 

တလုတ်ရင်း (နောက်)ကျေးရွာ၌ မြေနီ ကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း အရှည် ၉၀ဝ၀ ပေ၊ အကျယ် ၁၂ပေ၊ ထု ၆လက်မအား ယခုဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ် ၁၀သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁ သန်းတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာ များ၏ နည်းပညာအကူအညီ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် မတ်လ တတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ၇၀ ရာခိုင်နှုန်း အထိပြီးစီးနေပြီ ဖြစ်ကြောင်း မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောပြ၍ သိရသည်။

 

အဆိုပါကျေးရွာတွင်း မြေနီကျောက်စရစ် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း တာဝန်ခံအင်ဂျင်နီယာ ဦးကိုကိုနိုင်နှင့် ဝန်ထမ်းများမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ လမ်းအချောသတ် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီ ပြီးစီးရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

ငြိမ်းသူ