တက်မရေနံမြေ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး

ညောင်ဦး   ၂၅  ဇွန် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တက်မရေနံမြေ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက တက်မကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း အသိပညာဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက တက်မကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ရေနံလုပ်ငန်းရှင်များအဖွဲ့မှ အဖွဲ့ဝင် ၃၀ ခန့်အား ရေနံမြေ မီးဘေး လုံခြုံရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောကာ လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် ရေနံလုပ်ငန်းရှင်များအနေဖြင့် ရေနံလက်ယက်တွင်း တူးဖော်ရာတွင် ရေနံတစ်တွင်းနှင့်တစ်တွင်း အလွန်နီးကပ်စွာ တူးဖော်ခြင်းမပြုလုပ်ရန်နှင့် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေပါ အကွာအဝေး သတ်မှတ်ချက် များအတိုင်း ဆောင်ရွက်ရန်၊ ရေနံတွင်းများ အနီးကပ်၍ သံဂဟေဆက်ခြင်းများ မပြုလုပ်ရန်နှင့် မဖြစ်မနေပြုလုပ်ရန် လိုအပ်ပါက ရေနံတွင်းနှင့် အနည်းဆုံး ပေ ၃၀ အကွာတွင် ဆောင်ရွက်၍ မီးပွားများ ရေနံတွင်းဝမှထွက်ရှိသော ဂက်စ်ငွေ့နှင့် ထိတွေ့မှုမရှိစေရန်အတွက် မိုးကာ သို့မဟုတ် အခြားလုံခြုံစိတ်ချရသော အကာအရံများ ပြုလုပ်ဆောင်ရွက်ကြရန် တို့ကို ပြောကြားခဲ့သည်။

 

ထို့ပြင် ရေနံတွင်းများအနီးကပ်၍ ထမင်း၊ ဟင်းများ ချက်ပြုတ်ကြော်လှော်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မီးမွေးခြင်း များနှင့် အခြားမီးဘေးစိုးရိမ်ရသောလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရန်၊ ရေနံတွင်းများအတွင်းမှ ရေနံများ ခပ်ယူစဉ် သံပိုက်နှင့် ရေနံခပ်ခွက်သံကိုင်းတို့ ထိခတ်မိရာမှ မီးလောင်တတ်သည်ကို သတိပြုရန်၊ လုပ်ငန်းခွင်ဧရိယာ နယ်ပယ်တွင် မီးသတိပေးပိုစတာ၊ ဆိုင်းဘုတ်များ စိုက်ထူပေးထားရန်၊ ရေနံမြေဧရိယာအတွင်း မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ထားနိုင်ရေး၊ မီးမတော်တဆမှု ဖြစ်ပွားလာပါက မြို့နယ်မီးသတ်ဦးစီး ဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

 

ထို့နောက် လက်တွေ့မီးငြှိမ်းသတ်နည်းများအား ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်တပ်ဖွဲ့များက လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)