တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် သူတို့အသံ

မန္တလေး ၁၂  မတ် 

 

ဒေါ်သိင်္ဂီကျော် (မင်းဟိန်းဆက်၏ အဖွားဖြစ်သူ) ။ ။ မြေးလေးက ပုံမှန်စာလုပ်တဲ့ ကလေးဆိုတော့ တအားကြီး မပြောရဘူးပေါ့။ စာမေးပွဲရက်ကလေးတော့ စာကျက်ဖို့ သတိပေးရတာပေါ့။ ဘုရားကန်တော့ရင်းတော့ သူ့ကို အကောင်းဆုံး ဖြေဆိုနိုင်ပါစေဆိုပြီး ဆုတောင်းပေးတာပေါ့။ အနည်းဆုံး ဂုဏ်ထူး လေးဘာသာလောက်တော့ ပါစေချင်တာပေါ့။ အင်္ဂလိပ်စာ နည်းနည်းသတ်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် သူရေးလာတဲ့ Letter ကို စစ်တဲ့ဆရာက သဘောကျသွားတယ်ဆိုရင်တော့ ကောင်းတာပေါ့။

 

 

မင်းဟိန်းဆက် ။  ။ စာမေးပွဲက ဖြေနိုင်ပါတယ်။ မေးခွန်းသတ်တာတွေတော့ ရှိတာပေါ့။ အင်္ဂလိပ်စာနဲ့ သင်္ချာမှာ သတ်တာရှိတယ်။ Grammer တွေက မမြင်ဘူးတာတွေ ပါတယ်။ unseen မေးခွန်းတွေ ပါတယ်။ ဓာတုဗေဒ ဘာသာရပ်မှာတော့ ဂုဏ်ထူးမှန်းထားပါတယ်။ နောက်ကျန်တဲ့ ဘာသာရပ်တွေ အတွက်လည်း ပြင်ဆင်ထားပါတယ်။ အခန်းဆုံးအထိ ကြည့်ထားတယ်။ ကျန်တဲ့ နှစ်ဘာသာကိုလည်း ဂုဏ်ထူးမှန်းထားပါတယ်။ ဖြေတဲ့ ကာလအတွင်းမှာတော့ နားချိန် တစ်နာရီ၊ နှစ်နာရီလောက် ပဲပေးပြီး စာကျက်ဖြစ်ပါတယ်။

 

 

မအေးအေးဖြူ ။ ။ ရေဦးဘက်က လာဖြေတာပါ။ ပထမသုံး ဘာသာကတော့ လွယ်ပါတယ်။ ဓာတုဗေဒ ဘာသာရပ်က ရှေ့ပိုင်းမှာ နည်းနည်း တစ်မှတ်တန်လေးတွေ နည်းနည်း ခက်တယ်။ အောင်မှတ်ရဖို့တော့ လွယ်ပါတယ်။ သင်္ချာနဲ့မြန်မာတော့ ဂုဏ်ထူးမှန်းထားပါတယ်။ နောက်ကျန်တဲ့ ဘာသာတွေအတွက် ရူပဗေဒဘာသာရပ်ကို ဂုဏ်ထူးမှန်းထားပါတယ်။ ဇီဝဗေဒ ဘာသာကတော့ အားနည်းတော့ ဂုဏ်ထူးမမှန်းဘူး။

 

 

မအေးအေးအောင်။ ။မြို့သစ် ၁ ရပ်ကွက်မှာ နေတယ်။ စဖြေတဲ့ရက်က ကြောက်တော့ ကြောက်တယ်။ မေးခွန်းစာရွက်ရလို့ ဖြေလည်းဖြေရော ပုံမှန်အတိုင်းပါပဲ။ မြန်မာဘာသာရပ်တုန်းက အကုန်လုံး ဖြေနိုင်တယ်။ အင်္ဂလိပ်စာ Grammer ၊ Essay က ခက်တယ်။ Grammer တွေက ကိုယ်ကြည့်တဲ့ အပိုင်းက မပါဘူး။ တခြား သူငယ်ချင်း တွေကလည်း ပြောတယ်။  အင်္ဂလိပ်စာ သတ်တယ် မဖြေနိုင်ဘူးလို့ ပြောကြတယ်။ နောက်ကျန်တဲ့ ဘာသာကတော့ ပိုင်ပါပြီ။ 

 

 

မမျိုးမျိုးထွေး။ ။ မနော်ရမ္မံနားက ၄၂ လမ်းမှာ နေပါတယ်။ အင်္ဂလိပ်စာက Grammer ၊ Letter ၊ Essay တွေက ခက်တယ်။ Grammer က တော်တော်ခက်တယ်။ သိတာဆိုလို့ သုံးပုဒ်လောက်ပဲ ပါတယ်။ ကျန်တာတွေက သိပ်မသိဘူး။ အောင်မှတ်ဖိုးတော့ ဖြေနိုင်ပါတယ်။ ကျန်တဲ့ ဘာသာတွေက အကုန်ဖြေနိုင်တယ်။ နောက်ထပ်ကျန်တဲ့ နှစ်ဘာသာက ရပြီးသားဆိုတော့ ဖြေနိုင်မယ်လို့ ထင်ပါတယ်။

အိမို့မို့ခိုင်

 

SHARE THIS ON SOCIAL MEDIA

Facebook Twitter Google+ WhatsApp Viber